ဟွန်ဆန်ရဲ့မြန်မာခရီးစဉ် တိုးတက်မှုအဆင့်တစ်ဆင့် ရခဲ့ကြောင်း ကမ္ဘောဒီးယားပြော

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရခဲ့ တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ဇန်နဝါရီလ ၈ ရက်နေ့က ပြောလိုက် ပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်နဲ့အတူ နေပြည်တော်ကနေ ပြန်လည်ရောက်ရှိ လာပြီးနောက် ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို အခုလို ပြောခဲ့တာလို့ AP သတင်းတစ်ပုဒ်မှာ ဖော်ပြ ထားပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ မြန်မာခေါင်းဆောင် တွေ့ဆုံဆွေးနွေးရာမှာ အာဆီယံနဲ့ သဘောတူညီထားတဲ့ မြန်မာ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့အတွက် တိုးတက်မှုအဆင့်တစ်ဆင့်နဲ့အတူ အပြုသဘောရလဒ်တွေ ရရှိခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ ဒီညှိနှိုင်းဆွေးနွေးမှု‌တွေနဲ့ သဘောတူညီချက် တွေကို ကန့်ကွက်သူတွေဟာ စစ်ပွဲကိုလိုလားသူတွေ၊ မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ် အေးချမ်းတာကို မတွေ့မြင်ချင်သူတွေသာ ဖြစ်လိမ့်မယ်လို့လည်း ပြောပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ ဩစတြေးလျ စီးပွားရေးပညာရှင် Sean Turnell နဲ့ပတ်သက်လို့လည်း ဆွေး‌နွေးခဲ့တယ်လို့ ဆိုပါတယ်။ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ရဲ့ မေတ္တာရပ်ခံချက်အရ အခုလို ဆွေး‌နွေးခဲ့တာဖြစ်ပြီး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပါမောက္ခ Sean Turnell ရဲ့ကိစ္စကို တရားရုံးအမှုတွေ ပြီးပြတ်သွားချိန်မှာ စဉ်းစားပေးမယ့်အကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်ကို ကတိပြုခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောပါတယ်။