လျှပ်စစ်စီမံကိန်းတွေရပ်ခဲ့ရလို့ ဓာတ်အားမလုံလောက်တာလို့ စစ်ကောင်စီဥက္ကဋ္ဌပြော

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်က လျှပ်စစ်စီမံကိန်းတွေကို ရပ်ဆိုင်းခဲ့ရတာကြောင့် လက်ရှိမှာ လျှပ်စစ်ဓာတ်အားမလုံလောက်မှုတွေဖြစ်နေတာလို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ ၈ ရက်နေ့ကလုပ်ခဲ့တဲ့ အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။

နိုင်ငံရဲ့လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုတောင် ပြည့်မီအောင် ဖြည့်ဆည်းမပေးနိုင်သေးဘူးလို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

အစည်းအဝေးအတွင်းမှာ စစ်ကောင်စီဥက္ကဋ္ဌက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတဲ့ဖြစ်စဉ်ကိုလည်း ပြောဆိုခဲ့တယ်လို့ သတင်းမီဒီယာတချို့က ရေးသားခဲ့ပါတယ်။ အဲဒီအစည်းအဝေးကိုတက်ခဲ့တဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကတော့ သူအနေနဲ့ ဘာမှအထွေအထူးပြောစရာမရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌပြောတဲ့ ဆယ်နှစ်ဝန်းကျင်ကာလ ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လူထုရဲ့ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။

ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး နှစ်စဉ်မဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်နိုင်မယ့် စီမံကိန်းတစ်ခုဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ ရပ်ဆိုင်းခဲ့ရတဲ့ လျှပ်စစ်စီမံကိန်းတွေကိုသာ အကောင်အထည် ဖော်နိုင်ခဲ့ရင် အခုချိန်မှာ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ လေအားလျှပ်စစ်ထုတ်လုပ်တာကို ဇုန်ခြောက်ခုမှာ မဂ္ဂါဝပ် ၈၀၀၀ ကျော် ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားရွားကြုံတွေ့နေပါတယ်။