ရေအားလျှပ်စစ်လုပ်ငန်း အတွက် ဒေသခံတွေနဲ့ ဆွေးနွေး

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေနဲ့ ဆော့လော်မြို့နယ်ထဲမှာ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁၂ဝဝ ထွက်ရှိမယ့် "ငေါ်ချမ်းခ"ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ဖို့ ကုမ္ပဏီတာဝန်ရှိသူတွေဟာ ဒေသခံတွေကို သွားရောက်တွေ့ဆုံပြီး စည်းရုံးရေးဆင်းနေပါတယ်။

စီမံကိန်း အကောင်အထည်ဖော်မယ်ဆိုရင် ဒေသခံလူထုရဲ့သဘောတူညီမှုကို ရယူပြီးမှဆောင်ရွက်ဖို့ ပြည်နယ် အစိုးရက တိုက်တွန်းထားတယ်လို့ ကချင်ပြည်နယ် လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေက RFA ကို ပြောပါတယ်။

"လုပ်မယ့်အဖွဲ့ကတော့ ပြည်နည်အစိုးရနဲ့တော့ လာတင်ပြတယ်၊ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့လည်းပဲ လျှပ်စစ်စွမ်းအားအဖွဲ့နဲ့ဲ့လည်းပဲ သူတို့ပေါ့ MOU တွေ ဘာတွေ အားလုံးထိုးထားကုန်ပြီပေါ့လေ၊ အခုလောလောဆယ်ပေါ့လေ သူတို့ အဲ့ဒေသကိုသွားရောက်ပြီးတော့မှ လူထုနဲ့တွေ့ဆုံတာ၊ မဂ္ဂါဝပ်ကတော့ ၁၂ဝဝ ရှိတယ်၊ စီမံကိန်းကာလကတော့ ၁ဝ နှစ်တော့ပြောတာပဲ၊ ပြည်သူလူထုကို ကိုယ်ကျိုးမထိခိုက်ပဲနဲ့ နစ်နာမှုမရှိပဲနဲ့နော် လိုအပ်တဲ့အချက်တွေကို သူတို့ဖြည့်ဆည်းပေးမယ်ဆိုရင် ပြည်သူလူထုက ထောက်ခံ တယ်၊ အားပေးမယ်ဆိုရင်နော် ဒါကတော့ သူတို့က လူထုနဲ့တွေ့ဆုံပြီးတော့မှ ပြေပြေလည်လည်ဖြစ်အောင် လုပ်ပါ လို့လည်း ကျနော်တို့ ပြည်နယ်အစိုးရအနေနဲ့ သူတို့ကိုတိုက်တွန်းတယ်ပေါ့"

မြစ်ကြီးနားမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂၅ မိုင်အကွာ ကချင်အထူးဒေသ (၁) နယ်မြေထဲမှာရှိတဲ့ အဲ့ဒီစီမံကိန်းကို တရုတ်နိုင်ငံ YPIC ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက IGOEC ကုမ္ပဏီတွေက ပူးပေါင်း အကောင်အထည်ဖော်လုပ်ဆောင် ကြမှာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့လည်း ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်မှာ MoU နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မေခမြစ်ရဲ့လက်တက်တစ်ခုဖြစ်တဲ့ ငေါ်ချမ်းခမြစ်ပေါ်မှာ တုံးရှင်းချောင်၊ လောင်းဒင်၊ ဂေါလန်၊ ခန်ကန်း စတဲ့ စီမံကိန်းလေးခုနဲ့ စုစုပေါင်းလျှပ်စစ်ဓါတ်အား ၁၂ဝဝ ထွက်ရှိမယ့် ဒီစီမံကိန်းကို လာမဲ့ ၂ဝ၁၇ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ဖို့ ရှေးဦးလေ့လာမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အခုလဆန်းပိုင်းကလည်း ကုမ္ပဏီတာဝန်ရှိသူတွေဟာ ချီဖွေမြို့နယ် မော်ဖီကျေးရွာနဲ့ ဆော့လော် မြို့နယ် မျှောဂျောင်ကျေးရွာတွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

စီမံကိန်းကြောင့် ဒေသခံတွေရဲ့ ထိခိုက်နစ်နစ်မှုတွေအားလုံးကို နစ်နာကြေးပေးသွားမှာဖြစ်ကြောင်းနဲ့
ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ဖို့စီစဉ်ထားကြောင်း ကုမ္ပဏီဘက်က ပြောပါတယ်။