ICJ အမှုကလွဲပြီး ICC နဲ့ အာဂျင်တီးနားအမှုကို မြန်မာဖြေရှင်းမည်မဟုတ်

သီဟထွန်း၊ သက်စုအောင်
2019-11-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နယ်သာလန်နိုင်ငံ သဟိတ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်
နယ်သာလန်နိုင်ငံ သဟိတ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်
.

မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံ (international jurisdiction) သုံးခုနဲ့ တရားစွဲဆိုထားပေမယ့် အစိုးရက ICJ တစ်ခုတည်းကိုပဲ နိုင်ငံတကာဥပဒေလမ်းကြောင်းအရ ဖြေရှင်းဖို့စီစဉ်နေတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ ခုနစ်သိန်းကျော်ကို မောင်းထုတ်ခဲ့မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ရိုဟင်ဂျာဖြစ်တည်မှုကို ခြိမ်းခြောက်မှု စတဲ့ စွဲဆိုချက်တွေနဲ့ ICC၊ ICJ၊ အာဂျင်တီးနားတရားရုံး သုံးခုမှာ မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ၂ ဦးနဲ့ လက်ရှိသမ္မတတို့ကိုပါ စွဲဆိုထားကြတာပါ။



ICC မှာတော့ ဘင်္ဂလားဒေ့ရှ်က တရားလိုပြုလုပ် တိုင်တန်းထားတာဖြစ်ပါတယ်။ ICJ မှာတော့ အစ္စလာမ်မစ် နိုင်ငံပေါင်း ၅၇ နိုင်ငံရဲ့ ထောက်ခံချက်နဲ့ ဂမ်ဘီယာနိုင်ငံက ဦးဆောင်ပြီးတော့ စွဲဆိုထားတာပါ။ အာဂျင်တီးနားမှာတော့ ရိုဟင်ဂျာလူ့အခွင့်ရေးအဖွဲ့နဲ့ သောမတ်စ် အိုဟေး ကင်တားနားတို့ ဦးဆောင်ပြီးတော့ စွဲဆိုထားတာဖြစ်ပါတယ်။

ICC နဲ့ပတ်သက်ပြီး သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက... မြန်မာဟာ Rome Statue ကို လက်မှတ်ရေးထိုးထားတာ မဟုတ်လို့၊ လက်မခံတဲ့အကြောင်း အရင်က ထုတ်ပြန်တဲ့ သဘောထားအတိုင်းပဲ ဖြေရှင်းမှာမဟုတ်ဘူးလို့ ဖြေပါတယ်။ ICJ အမှုကိုတော့ မြန်မာနိုင်ငံ နိုင်ငံတကာ ဥပဒေနဲ့အညီ တုံ့ပြန်သွားဖို့ စီစဉ်နေကြောင်း ဖြေပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဂမ်ဘီယာက ဦးဆောင်စွဲဆိုတဲ့ ICJ က အမှုကိစ္စကို တုံ့ပြန်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဘယ်လိုနည်းနဲ့ ဖြေရှင်းဖို့ ရှိတယ်ဆိုတာ ကျယ်ပြန့်လွန်းတဲ့အတွက် အသေးစိတ် မပြောဆိုလိုကြောင်းပြောပါတယ်။

“အာဂျင်တီးနားကိစ္စကို အထူးတလည် ဖြေရှင်းဖို့မရှိပါဘူး။ ဒါက အချုပ်အခြာကို ထိတဲ့ ကိစ္စဖြစ်ပါတယ်။ (ကိုယ်စားလှယ်လွှတ်) ရင်ဆိုင်ဖို့လည်း မရှိပါဘူး” လို့ ဦးဇော်ဌေးက RFA ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

ဒီအမှုသုံးခုလုံးအတွက် ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ ငှားရမ်းပြီးတော့၊ ကိုယ်စားလှယ်လွှတ်ဖြေရှင်းဖို့ ရှိ၊ မရှိမေးမြန်းချက်ကို ပြန်လည်ဖြေဆိုခဲ့တာပါ။ ဒါ့အပြင် ဦးဇော်ဌေးက မွတ်စလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကနေ နေရပ်ပြန်လာရေးကိစ္စမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝမရှိဘူးလို့ ပြစ်တင်ပါတယ်။ ပူးပေါင်းမယ့်အစား မြန်မာကို ICC နဲ့ ICJ ရင်ဆိုင်ရအောင် ရည်ရွယ်ချက်ရှိရှိ တွန်းပို့နေတယ်လို့လည်း ဆိုပါတယ်။

“အိမ်နီးချင်းကောင်းအနေနဲ့ ဒါမျိုးမလုပ်သင့်ဘူး”
လို့  ဦးဇော်ဌေးက ပြောပါတယ်။

နှစ်ဖက်ညှိနှိုင်းလို့ မရတဲ့အတွက် တရုတ်အစိုးရ ကိုယ်စားလှယ်ကို သက်သေထားပြီး သုံးပွင့်ဆိုင် ညှိနှိုင်းနေရတယ်လို့လည်း ဦးဇော်ဌေးက ရှင်းပြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့