ICJ အမှု ဂမ်ဘီယာကို ထောက်ခံကြဖို့ နယ်သာလန်နဲ့ ကနေဒါတိုက်တွန်း


2019.12.09
dassk-icj-622.JPG နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုထားတဲ့အပေါ် ရင်ဆိုင်ဖြေရှင်းဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်ကို ၂ဝ၁၉ ဒီဇင်ဘာ ၈ ရက်နေ့က ထွက်ခွါစဉ်
Photo: Myanmar State Counsellor Office

မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံဘက်က ထောက်ခံ ကူညီသွားမယ့်အကြောင်း နယ်သာလန်နဲ့ ကနေဒါနိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒါ့ပြင် ဂျီနိုဆိုက်ကွန်ဗင်းရှင်းလို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အရေးယူအပြစ်ပေးရေး ပဋိဉာဉ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံအားလုံး ဂမ်ဘီယာနိုင်ငံဘက်က ထောက်ခံကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ အမှုရင်ဆိုင်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၈ ရက်- မနေ့က  ရောက်ရှိလာပြီး နောက်တစ်ရက်မှာပဲ နယ်သာလန်နဲ့ ကနေဒါ ပူးပေါင်းပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာပါ။

၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်တွေအတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ လိင်ပိုင်း အကြမ်းဖက်တာတွေကြောင့်  ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ရိုဟင်ဂျာတွေဟာ ရက်စက်တဲ့ အကြမ်းဖက်မှုတွေအောက်မှာ ဆယ်စုနှစ်နဲ့ချီပြီး စနစ်တကျ ခွဲခြားဆက်ဆံခံခဲ့ရကြောင်း အဲ့ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM အပါအဝင် နိုင်ငံတကာ စုံစမ်းလေ့လာရေးအဖွဲ့တွေ ကလည်း ဒီအချက်အလက်တွေကို လေ့လာတွေ့ရှိထားပြီလို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ  မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာ ရှိမရှိဆိုတာကို နိုင်ငံတကာ ဥပဒေကြောင်းအရ ICJ တရားရုံးမှာ ဆုံးဖြတ်နိုင်မယ့်  သက်သေအထောက်အထားတွေ ဖြစ်တယ်လို့ မိမိတို့ ယုံကြည်ကြောင်းလည်း  ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ICJ အနေနဲ့ ကြားဖြတ်အရေးယူဆောင်ရွက်မှု Provisional Measures ထုတ်ပြန်မယ် မထုတ်ပြန်ဘူးဆိုတာကို ဆုံးဖြတ်ဖို့ အတွက် မနက်ဖြန် ဒီဇင်ဘာလ ၁ဝ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြားနာမှာဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံဘက်က လျှောက်လဲချက် တင်ပြရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။