ICRC ရိက္ခာတင်စက်လှေ ရေတပ်ကပစ်ခတ်လို့ အရပ်သားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

2020.10.28

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း မေယုမြစ်ထဲမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရိက္ခာတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီး ဒီနေ့မနက်က ပစ်ခတ်ခံရတဲ့အတွက် အရပ်သားတစ်ဦး သေဆုံးပြီး၊ နှစ်ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့တယ်လို့ စက်လှေပေါ်မှာ ပါသွားပြီး အသက်မသေဘဲ ပြန်လွတ်လာသူ ကိုကံအေးချမ်းက RFA ကို အတည်ပြု ပြောဆိုပါတယ်။

သေဆုံးသူဟာ အသက် ၂ဝ အရွယ် ကိုမောင်ချေဖြစ်ပြီး၊ ဒဏ်ရာရသူ နှစ်ဦးက အသက် ၃၄ နှစ်အရွယ် ဦးမောင်သန်းဝေနဲ့ အသက် ၅ဝ အရွယ် ဦးလှဝင်းမောင်တို့ ဖြစ်ပါတယ်။

အရပ်သားလေးဦး လိုက်ပါလာတဲ့ အဲဒီစက်လှေဟာ မနက် ၁၁ နာရီလောက်မှာ ပြိန်းတောရွာအနီး မေယုမြစ်ထဲက တပ်မတော် ဇက်ရေယာဉ်နဲ့ လေးဖာလုံလောက် အကွာမှာပဲ တစုံတရာ ဟန့်တားမှုမရှိဘဲ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး၊ စက်လှေလည်း မီးလောင်သွားတယ်လို့ ကိုကံအေးချမ်းက ပြောပါတယ်။

ဇက်ရေယာဉ်တစ်စီးပေါ်ကနေ လက်နက်ငယ်တွေနဲ့ စပစ်ခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ နောက်ထပ် တပ်မတော် ဇက်ရေယာဉ်တစ်စီး ထပ်ရောက်လာပြီး ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ငယ်နဲ့ပစ်တာ အချက်ပေါင်း တစ်ရာကျော်လောက် ရှိနိုင်ပြီး၊ လက်နက်ကြီးကတော့ ဆယ်ချက်ထက်မနည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။ ပစ်ခတ်ခံရချိန်အတွင်း စက်လှေပေါ်ပါလာတဲ့ လေးယောက်စလုံး လှေဝမ်းထဲကို ဝင်ပုန်းခဲ့ရပြီး၊ လှေပေါ်က ဆီပေပါကို လက်နက်ကြီးတွေ ထိမှန်ပေါက်ကွဲရာကနေ မီးလောင်သွားတာကြောင့် လှေဝန်ထမ်းတစ်ဦး သေဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရခဲ့တာလို့လည်း ကိုကံအေးချမ်းက ပြောပါတယ်။

ICRC ရိက္ခာတွေ တင်ဆောင်လာတဲ့ စက်လှေဟာ စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့နယ် ဆင်ခုန်းတိုင်ရွာက ရခိုင်နဲ့ မွတ်စလင် ဒုက္ခသည်တွေကို ရိက္ခာဝေဖို့ ထွက်လာစဉ် မေယုမြစ်ထဲမှာ ကင်းလှည့်နေတဲ့ တပ်မတော်ရေယာဉ်က ပစ်ခတ်ခဲ့တာလို့လည်း ပြင်ဝန်းကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးတွေနဲ့ပစ်တယ်၊ နောက်ပြီးတော့ စက်သေနတ်တွေနဲ့ ပစ်တယ်။ အဲဒီဘုတ်က မီးထတောက် သွားတယ်။ အခု ဒဏ်ရာရတဲ့သူတွေကို စေတီပြင်ဆေးရုံကို ပို့လိုက်ပြီ။ လက်နက်ကျည်ဆံ ဒဏ်ရာနဲ့ သေတာပါ။ သူတို့ ပစ်တာရပ်တာနဲ့ ကျနော်တို့ အဲဒီလူတွေကို သွားကယ်ထုတ်တာ ဖြစ်ပါတယ်။ အခုသေဆုံးသွားတဲ့ သူကို ဘယ်နေရာကိုယူရမလဲ။ ဘယ်ကိုပို့ရမလဲဆိုတာ လုပ်နေဆဲပဲဖြစ်တယ်”


တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတော့ မီးလောင်ပျက်စီးသွားတဲ့ စက်လှေဟာ ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်တွေ စီးနင်းလာတဲ့ စက်လှေဖြစ်ပြီး အဲ့ဒီကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် တပ်မတော်က ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်နေ့ညမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်က ICRC ကို ဆက်သွယ်မေးမြန်းရာမှာ... မီးလောင်နစ်မြုပ်သွားတဲ့ စက်လှေဟာ ICRC စက်လှေ မဟုတ်တဲ့အကြောင်း ICRC က ပြောတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ICRC က အခုညပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့... ဗုဒ္ဓဟူးနေ့မနက်က တိုက်ခိုက်ခံရတဲ့ စက်လှေဟာ ICRC ရဲ့ ရိက္ခာတွေကို သယ်ဆောင်ပေးတဲ့ အငှားစက်လှေဖြစ်ကြောင်း အတည်ပြု ပြောဆိုထားပါတယ်။

စစ်တွေ ICRC ရုံးကို RFA က ဆက်သွယ်မေးမြန်းရာမှာလည်း... ဒီပစ္စည်းတွေဟာ ICRC က ကူညီရေးပစ္စည်းတွေ ဖြစ်ပြီး စက်လှေဟာ ပို့ဆောင်ရေးအတွက် ငှားရမ်းထားတဲ့ စက်လှေသာ ဖြစ်တယ်လို့ ICRC စစ်တွေရုံးက အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ဒါ့အပြင် စက်လှေပေါ်မှာ ICRC ဝန်ထမ်းတွေ တစ်ဦးတစ်ယောက်မှ လိုက်ပါမသွားကြောင်းနဲ့၊ ဒဏ်ရာရသူတွေ အချိန်မီ ဆေးကုသခွင့်နဲ့ အကူအညီတွေရဖို့ စိုးရိမ်ကြောင်း၊ စစ်တွေနဲ့ ရသေ့တောင်မြို့နယ်အတွင်းမှာ ICRC ရဲ့ ကွင်းဆင်းလုပ်ငန်းစဉ်တွေ အားလုံးကို လတ်တလော ရပ်နားထားမယ်လို့လည်း ICRC ရဲ့ ထုတ်ပြန်ချက်ထဲမှာ  ဖော်ပြထားပါတယ်။

စက်လှေပေါ်  လိုက်ပါသွားပြီး၊ အသက်မသေ လွတ်မြောက်လာသူ ကိုကံအေးချမ်းကတော့... သူအပါအဝင် သေဆုံးဒဏ်ရာရသူ လေးဦးစလုံးဟာ ICRC အဖွဲ့ရဲ့ အလုပ်တွေကို လစာယူပြီး လုပ်ကိုင်နေတဲ့ ပြင်ပ အလုပ်သမားဝန်ထမ်းတွေဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ သုံးလလောက်ကစလို့ အခုလို ICRC အဖွဲ့ရဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို စက်လှေနဲ့ ဖြန့်ဝေခဲ့ရကြောင်း၊ အခုလို သွားတဲ့အခါမှာလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်တွေပါကြောင်း RFA က သီးသန့် ဆက်သွယ်မေးမြန်းရာမှာ ပြောဆိုခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

AA တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ စက်လှေဖြစ်ပြီး တပ်မတော်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာဆိုတဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့  AA အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခ က... ဗုဒ္ဓဟူးနေ့မနက်က ပစ်ခတ်ခံရတဲ့ စက်လှေအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိဘူးလို့ RFA ကို ပြောပါတယ်။ ICRC စက်လှေကို ရေတပ်သင်္ဘောနှစ်စီး၊ အမြန်ရေယာဉ်ငယ် တစ်စီးပေါ်ကနေ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ဦးခိုင်သုက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ စက်လှေပေါ်က ဒဏ်ရာရသူ နှစ်ဦးကို စေတီပြင်တိုက်နယ်ဆေးရုံကနေဆင့် စစ်တွေ ဆေးရုံကြီးကို ဗုဒ္ဓဟူးနေ့ညနေက ပို့ဆောင်ဖို့ ပြင်ဆင်နေကြတယ်လို့ အကူအညီ ပေးသူတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ရသေ့တောင်မြို့နယ်က ဒေါ်မိုးချေ ကတော့...

“သူတို့ပြောတာက ICRC ကနေပြီး ရေတပ်ကိုလည်း အကြောင်းကြားထားတယ်လို့ အဲဒီလိုပြောတယ်။ ပြီးတော့ ဘုတ်ငှားပြီးတော့ အဲဒီဘက်ကို ကယ်ဆယ်ရေးပစ္စည်းတွေ သွားပို့တာ။ သူတို့က ဒီမှာ ရသေ့တောင်ကို ပေးတယ်။ ဘူးသီးတောင်ကို ပေးတယ်။ ပြီးတော့ မယူကမ်း ကံပြင်ရယ်၊ စေတီပြင်ရယ် အဲဒီမှာ သွားပေး တယ်။ အခုတော့ သူတို့ ဘူးသီးတောင်ကို ပေးမယ် ဘူးသီးတောင်ကို ဖြတ်မယ်ဆိုပြီး ရေတပ်ကို အကြောင်း ကြားထားတယ်လို့ ပြောတယ် ICRC ကတော့။ ပစ္စည်းတွေနဲ့သွားတော့ ပြိန်းတောနားကို မရောက်ခင်မှာ ဇက် ကနေပြီးတော့ ပစ်တာ။ ဇက်ကပစ်တော့ ဘုတ်မှာ ထိသွားတယ်။ မီးလောင်သွားတယ်။ မီးခိုးတွေ ထွက်နေတာ ကတော့ ဒီကနေ မြင်ရတယ်။ ပစ်တာကတော့ မနက်က ဇက်တက်ကတည်းက ပစ်နေတာ”

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကတော့ အခုလို စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့စက်လှေကို ပစ်ခတ်တာဟာ ဘယ်လိုမှ မဖြစ်သင့် ဘူးလို့ ပြောပါတယ်။

“အရပ်သားမော်တော်ဘုတ်တွေကို အထူးသဖြင့် နိုင်ငံတကာနဲ့ပတ်သက်တဲ့ ဒီ ICRC မော်တော်ယာဉ်တွေကို မထိခိုက်အောင် ရှောင်ရှားဖို့လိုတယ်။ သူတို့က အဓိက စစ်ဘေးရှောင်ဒုက္ခသည်တွေဆီကို လိုအပ်တဲ့ ပစ္စည်းတွေ အကူအညီ သွားပို့တာ။ ပိုပြီးတော့ ဂရုစိုက်ပေးရမယ်”

ပြီးခဲ့တဲ့ ၂ဝ၁၉ ဇွန်လကုန်ကလည်း ကျောက်တော်မြို့နယ် ကျောက်ကြပ်ရွာနားမှာ ICRC ရဲ့ ‌မော်တော်ယာဉ် ‌ခြောက်စီးပါ ရိက္ခာ ပို့ယာဉ်တန်း တိုက်ခိုက်ခဲ့ရဖူးပါတယ်။ အလားတူ ဒီနှစ် ဧပြီလ ၂ဝ ရက်နေ့ကလည်း ရခိုင်ပြည်နယ်က ကိုရိုနာ ဗိုင်းရပ်စ်သံသယနဲ့ စောင့်ကြည့်ခံရသူတွေရဲ့ တို့ဖတ်နမူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်နဲ့ အစိုးရကျန်းမာရေး ဝန်ထမ်း ဦးအောင်မျိုးဦး တို့ မော်တော်ကားနဲ့ ရန်ကုန်ကို သွားရာမှာ မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးမှာ ပစ်ခတ်ခံခဲ့ရပါတယ်။

WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် ကတော့ အဲဒီနေ့ညမှာပဲ ဒဏ်ရာတွေနဲ့ မင်းပြားဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ WHO ဝန်ထမ်း သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ အစိုးရက ကော်မတီဖွဲ့ထားပေမယ့် ဒီနေ့အချိန်ထိ ဘယ်အဖွဲ့ကပစ်လို့ သေဆုံးတယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

RFA က ရရှိထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာကနေ အခုနှစ် အောက်တိုဘာလ ၂ဝ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၃ဝ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၆၇ဝ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။