ပြည်သူကို အကျပ်အတည်းဖြစ်စေတဲ့ ရာဇဝတ်မှုတွေကို အရေးယူမယ်လို့ IEC သတိပေး
2024.09.04
ကယားပြည်နယ် ပြည်သူလူထုကို ပိုပြီးအကျပ်အတည်း ဖြစ်စေတဲ့အပြင် တော်လှန်ရေးကို အားနည်းစေတဲ့ ရာဇဝတ်မှုတွေကို တားမြစ်အရေးယူသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
IEC က တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး အများပြည်သူကို အရေးပေါ်အသိပေးချက်ဆိုပြီး စက်တင်ဘာ ၄ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။
အဲဒီထုတ်ပြန်ချက်အရ IEC အထူးတားမြစ်မယ့် လုပ်ငန်းတွေက မြေပြင်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲတာ၊ ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်း ရောင်းဝယ်စုဆောင်းတာ၊ တရားမဝင် လက်နက်ကိုင်ဆောင်တာ၊ မမှန်မကန် သတင်းပေးဖြန့်ဝေတာ၊ အများပြည်သူနဲ့ တော်လှန်ရေးကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ၊ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်တာနဲ့ အစွန်းရောက်အကြမ်းဖက်လုပ်ရပ်တွေအပြင် အာဏာသိမ်းစစ်တပ်အတွက် ထောက်လှမ်းရေးလုပ်တာတွေ ပါဝင်ပါတယ်။
ဒီတားမြစ်ချက်တွေကို လိုက်နာဖို့ပျက်ကွက်ရင် လူတစ်ယောက်ချင်းဖြစ်စေ၊ လုပ်ငန်းရှင်တွေနဲ့ အသင်းအဖွဲ့တွေဖြစ်စေ ဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်ပြီး လိုအပ်ရင် ရာဇဝတ်မှုနှိမ်နင်းတဲ့ အထူးစစ်ဆင်ရေးတွေ အကောင်အထည်ဖော်သွားမယ်လို့လည်း ပါရှိပါတယ်။
စက်တင်ဘာ ၄ရက်နေ့ကနေ ၂၄ ရက်နေ့အထိကိုတော့ အသိပညာပေးကာလ သတ်မှတ်ထားပြီး အဲဒီနောက်ပိုင်းမှာတော့ IEC နဲ့ ကရင်နီပြည်တော်လှန်ရေး တပ်ပေါင်းစုံ(စစ်ဦးစီးအဖွဲ့)တို့က ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
ဒီတားမြစ်ထားတဲ့လုပ်ငန်းတွေနဲ့ဆက်စပ်လို့ ကယားပြည်နယ်အတွင်း လက်ရှိအခြေအနေနဲ့ နောက်ဆက်တွဲ အရေးယူဆောင်ရွက်မယ့်အခြေအနေအသေးစိတ်ကို မေးမြန်းဖို့ IEC အထွေထွေအတွင်းရေးမှူး ဦးခူပလုရယ်ကို RFA က ဆက်သွယ်ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။