မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ပိုမိုဆိုးရွားလာကြောင်း IIMM ထုတ်ပြန်

မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရာဇဝတ်မှုတွေ တစ်နေ့တခြား ပိုမို ပြင်းထန်လာနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က သြဂုတ် ၈ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

သူတို့ရရှိတဲ့အချက်အလက်တွေအရ စစ်ကောင်စီတပ်တွေနဲ့ သူတို့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက ရွာတွေကို ဗုံးကြဲတာ မီးရှို့တာ၊ အရပ်သားတွေကို အစုအပြုံလိုက် သတ်ဖြတ်တာ၊ သူတို့ကို ဆန့်ကျင်သူတွေကို ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်ဆိုတဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

IIMM အနေနဲ့ မျက်မြင်သက်သေ ၂ဝဝ ကျော်ရဲ့ ထွက်ဆိုချက်တွေ အပါအဝင် ဓာတ်ပုံတွေ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားတွေ၊ ဂြိုဟ်တုကရရှိတဲ့ သတင်းဓာတ်ပုံတွေနဲ့ သတင်းရင်းမြစ် ၇ဝဝ ကျော်ကနေ အချက်အလက်တွေ စုဆောင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

IIMM ရဲ့ အကြီးအကဲ Nicholas Koumjian က စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှု နဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာကို မိမိတို့ အချက်အလက်တွေ ရရှိထားတယ်၊ ဒီပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့တစ်နေရာကို ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Photo : The Chin Journal)
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့တစ်နေရာကို ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Photo : The Chin Journal)

IIMM အနေနဲ့ ၂ဝ၁၆-၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာတွေ အစုအပြုံလိုက် ထွက်ပြေးခဲ့ရတဲ့အခြေအနေတွေကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်းလည်း အစီရင်ခံစာမှာ ပါရှိပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ကျား-မ အခြေခံတဲ့ ရာဇဝတ်မှုတွေကို IIMM က ဒီအစီရင်ခံစာမှာ အလေးပေးဖော်ပြထားပါတယ်။

ICC, ICJ နဲ့ အာဂျင်တီးနားတရားရုံးတွေက ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့အမှုတွေကို ဦးဆောင်လုပ်နေသူတွေဆီ IIMM က သူတို့စုဆောင်းရရှိတဲ့ အထောက်အထားတွေ အချက်အလက်တွေနဲ့ သုံးသပ်ချက်အစီရင်ခံစာတွေ မျှဝေထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ကို မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေကို ဥပဒေအရ အရေးယူနိုင်ရေးအတွက် ကုလ လူ့အခွင့်အရေးကောင်စီက ၂ဝ၁၈ မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။