တစ်နှစ်ကျော်အတွင်း ကချင်ကနေ တရုတ်ကို မှောင်ခိုကူးမယ့် ကျွဲနွား ၂၀၀ ကျော် ဖမ်းဆီးမိ


2017.03.10
myothuranaung-kachin-police-620.jpg ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဦးစီးအရာရှိ ပထမတန်း ဒုတိယရဲမှူးကြီး မျိုးသူရနောင် ကို ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့ ကတွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ပြီးခဲ့တဲ့၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ တစ်နှစ်ကျော်ကာလအတွင်းမှာ တရုတ်နိုင်ငံဘက် တရားမဝင်သယ်ယူမယ့် ခန့်မှန်း ကျပ်သိန်းပေါင်း ၁ ထောင်ကျော်တန်ဖိုးရှိတဲ့ ကျွဲ၊ နွား အကောင်ရေ နှစ်ရာကျော် ကို ဖမ်းဆီးရမိပြီး လူ ၅၀ ကို ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး အရေးယူထားပါတယ်။

နယ်မြေစိုးမိုးမှုအလှမ်းဝေးတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတဝိုက်က ရှောင်ကွင်းလမ်းတွေ ကနေတဆင့် တရုတ်ပြည်ဘက် သယ်ယူဖို့ကြိုးစားချိန်မှာ ဖမ်းဆီးရမိတာဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံး ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ပြောပါတယ်။

"၂ဝ၁၆ ခုနှစ်မှာ ကျွဲနွားအကောင်ရေ ၁၃ဝ ကျော်၊ အခုလက်ရှိ ၂ဝ၁၇ မတ်လ ပထမပတ်မှာ ကျွဲနွားအကောင်ရေ ၁၄ဝ ကျော် စုစုပေါင်း ၂၇ဝ ကျော်ရှိသွားပြီ၊ အခုကာလတန်ဖိုးနဲ့ဆို သိန်း ၁ဝဝဝ ကျော်ဖိုးလောက်ရှိမှာပေါ့၊ အများစုက ဖမ်းဆီးရမိတာကတော့ နယ်မြေလုံခြုံရေးစိုးမိုးမှု အလှမ်းဝေးတဲ့နေရာတွေက ရှောင်ကွင်းလမ်းတွေကို အသုံးပြုပြီးတော့ သယ်ဆောင်ကြတာပေါ့"

တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ချိန်မှာ ဖမ်းမိလို့ ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးတာရှိသလို၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးနဲ့ ဋ္ဌာနဆိုင်ရာတွေ ပူးပေါင်းဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူတွေကို အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ နဲ့ အရေးယူဆောင်ရွက်နေတယ် လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။