သစ်မှောင်ခိုတွေ ဖမ်းဖို့ကိစ္စ လွှတ်တော်မှာ အဆိုတင်
2017.07.13

နိုင်ငံတစ်ဝန်းမှာ ကြီးမားစွာဖြစ်ပွားနေတဲ့ သစ်မှောင်ခိုမှုများ၊ သစ်ခိုးထုတ်မှုတွေကို ဥပဒေနဲ့အညီ ထိရောက် စွာဖြေရှင်းအရေးယူ ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့ လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
အဆိုရှင်ဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဒီကနေ့ ပြည်သူ့ အစိုးရသစ်လက်ထက် မှာ သစ်မှောင်ခိုထုတ်မှုတွေ မဖြစ်ပွားဖို့အတွက် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အစပြုပြီး မြို့နယ်အဆင့်က တာဝန်ရှိသူတွေကလည်း ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာနဲ့ ကာကွယ်တားဆီးဖို့ လုပ်ဆောင်ဖု့ိ လိုအပ်ကြောင်း ပြောပါတယ်။
ငဖဲမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်ခေါ်ဦးစိုးလွင်က မြန်မာနိုင်ငံဟာ ကမ္ဘာ့သစ်တော ပြုန်းတီးမှုမှာ တတိယအဆင့်သို့ ရောက်ရှိနေကြောင်းနဲ့ သစ်တောပြုန်းတီးမှု အဓိကအကြောင်းအရင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ငွေကြေးနဲ့အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း၊ ပြည်တွင်းလက် နက်ကိုင်စစ်ပွဲများရှိခြင်း စတာတွေကြောင့် ဖြစ်ကြောင်းနဲ့ ဦးကျော်အောင်လွင် တင်သွင်းတဲ့အဆိုကို ထောက်ခံကြောင်း ဆွေးနွေး သွားပါတယ်။
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ပြီးခဲ့တဲ့ ၂ဝ၁၅ - ၂ဝ၁၆ ခုနှစ် မှာ တရားမဝင်သစ်တန်ချိန် လေးသောင်းခြောက်ထောင်ကျော်နဲ့ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာ တရားမဝင် သစ်တန်ချိန် ငါးသောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်တစ်ဦးမေးမြန်းတဲ့ တရားမဝင်သစ်ဖမ်းဆီး ရရှိမှုအခြေအနေနဲ့ပတ်သက်တဲ့ မေးခွန်းကို ပြန်လည်ဖြေဆိုရာမှာ ပြောဆိုသွားပါတယ်။
အဆိုကို ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မနက်ဖြန် နောက်ဆုံးစာရင်းပေးကြဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောပါတယ်။