မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတဲ့ အင်းတော်မြို့မှာ နေအိမ်တွေ မီးရှို့ခံနေရ
2024.09.11
မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ပေါ် ရပ်ကွက်တွေက နေအိမ်တွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ အကာကွယ်မယူနိုင်အောင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ကာကွယ်ရေးတပ်အဖွဲ့တွေနဲ့ နီးစပ်သူတွေက စက်တင်ဘာလ ၁၁ ရက် ဒီနေ့မှာ ပြောပါတယ်။
အင်းတော်မြို့ပေါ်မှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်နဲ့ ဘုန်းကြီးကျောင်းဆောင် တွေ ပျက်စီးတာရှိသလို စက်တင်ဘာ ၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်အထိုင်ချထားတဲ့ အနီးဝန်းကျင်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေ အကာအကွယ်မယူနိုင်အောင် နယ်မြေရှင်းတဲ့သဘောနဲ့ မီးရှို့နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲစဖြစ်ကတည်းက ကာကွယ်ရေးတပ်တွေ ဝင်လာနိုင်တဲ့ လမ်းကြောင်းက နေအိမ်တွေကို မီးရှို့တာ ရှိတယ်။ အခုရက်ပိုင်းမှာလည်း ဂျပန်လိုဏ်ဂူ ဘေးနားတစ်ဝိုက်က အိမ်တွေကို ထပ်ရှို့တယ်။ အဓိကတော့ ကာကွယ်ရေးတပ်တွေ အကာကွယ်ယူပြီး သူတို့ ဝင်တိုက်လာမှာ စိုးရိမ်လို့ ရှို့တဲ့သဘော”
တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေအိမ်အနည်းဆုံး ဆယ်လုံးခန့်ပျက်စီးနိုင်ပြီး အသေးစိတ်အရေအတွက်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၆ ရက်နေ့ကတည်းစတင်ခဲ့တာပါ။ တိုက်ပွဲအတွင်း နဘားရွာက စစ်ကောင်စီတပ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး အင်းတော်မြို့ပေါ်က လက်ကျန် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
အင်းတော်မြို့ပေါ်မှာ စစ်ကောင်စီက ဗျူဟာကုန်းတစ်ခုနဲ့ မြို့အဝင် ဂျပန်လိုဏ်ဂူနေရာတို့မှာ ခံစစ်ပြင်ဆင်ထားပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့ လက်ရှိအချိန်အထိ နှစ်ဖက်လုံးက မြို့ကို အပြည့်ဝထိန်းချုပ်နိုင်တာ မရှိသေးပါဘူး။