စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုပြီး ဒေသခံအမျိုးသားနှစ်ဦးကို အင်းတော်မြို့ စစ်ခုံရုံးကနေ ဩဂုတ်လ ၁၅ ရက်နေ့က ထောင်ဒဏ် တစ်သက် ချမှတ်လိုက် တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့နယ် ကမ်းနီရွာမှာ နေထိုင်တဲ့ ကိုတင်မြင့်နဲ့ ကိုဇော်ကြီးတို့ဟာ ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက အင်းတော်မြို့ ရထားဘူတာမှာ ဖမ်းဆီးခံရပြီး နှစ်လခန့်အကြာမှာပဲ အခုလို အမိန့်တွေ ချမှတ်ခံခဲ့ရတာပါ။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (ဂ) တို့နဲ့ အမှုဖွင့်ထောင်ချခဲ့တာလို့လည်း အင်းတော်ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက သံသယနဲ့ ဖမ်းဆီးခဲ့တဲ့သူတွေကို ထောင်ဒဏ် တစ်သက်ထိချနိုင်တဲ့ အမှုတွေနဲ့ပဲ တရားစွဲ အရေးယူလာတာလို့ Indaw Revolution-IR က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း အင်းတော်မှာ ၅၀၅ တွေနဲ့က မစွဲတော့ဘူး။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ၅၀ (ည) တို့နဲ့ ထောင်ဒဏ် တစ်သက်ချလို့ရတဲ့ အမှုတွေ နဲ့ပဲ စွဲတော့တာ။ အင်းတော်မှာ ဒီနှစ်ထဲ ဖမ်းဆီးခံရတဲ့ သူက အတော်များတယ်။ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ထောင်တစ်သက်တစ်ကျွန်း ချခံရတဲ့သူက ၁၀ ယောက်အထက် ရှိနေပြီ”
လက်ရှိမှာ အင်းတော်မြို့ကို လုံခြုံရေး တင်းကျပ်ထားသလို ဩဂုတ်လ ၁ ရက်နေ့ကနေ ၁၇ ရက်အတွင်းမှာလည်း ဒေသခံ ခြောက်ဦး ဖမ်းဆီးထားရပြီး စစ်တပ်က စစ်ကြောရေးလုပ်နေ တယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းသယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ အရေးပေါ်ကာလ သက်တမ်းခြောက်လအတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တို့မှာ အရပ်သား ၁၃၂ ဦး ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်ခံထားရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၁၇ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ ၁၉,၈၃၃ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ပြီး အဲဒီအထဲက ၇၁၁၃ ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။