အင်းတော်မြို့နယ်က လေကြောင်းသုံးတိုက်ခိုက်မှု ဒေသခံ ၈၀၀ ခန့် ထွက်ပြေးရ

စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာခရိုင် အင်းတော်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၄ ရက် မနေ့က စစ်ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဂဲဟယ်ရွာ၊ ကျော်ရွာ၊ နန်းနောင် စတဲ့ကျေးရွာတွေက ဒေသခံ ၈၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ အင်းတော်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ဂဲဟယ်ရွာကို စစ်ကောင်စီက MI 35 လေယာဉ်နဲ့ ၈ ကြိမ်လောက်လာပစ်တယ်။ ပြီးတော့ ကျော်ရွာ၊ နန်းနောင်ရွာဘက် လက်နက်ကြီးပစ်၊ စစ်ကြောင်းတွေလည်း ဝင်တာဆိုတော့ ဒီနေ့မနက်က ၁၁ နာရီလောက်ကစပြီး ရွာသားတွေက မနေရဲလို့ မြို့နဲ့နည်းနည်းနီးတဲ့ ကျေးရွာတွေကို ထွက်ပြေးလာပြီး ဘုန်းကြီးကျောင်းတွေမှာနေကြတာ၊ အလုံး ၈၀၀ လောက်ရှိမယ်”

မနေ့က စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်စဉ် ဂဲဟယ်ရွာက နေအိမ်နှစ်လုံးလည်း မီးလောင်ပျက်စီးသွား တယ်လို့ ဆိုပါတယ်။

ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေဟာ အင်းတော်မြို့နဲ့ ခုနစ်မိုင်ခန့်သာဝေးတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့က ညနေပိုင်းကလည်း စစ်ကောင်စီတပ်သား ၅၀ ကျော်ပါတဲ့ စစ်ကားတစ်စီးဟာ မြစ်ကြီးနားက မန္တလေးဘက်ကို ထွက်လာစဉ် အင်းတော်မြို့နယ် စီပိန်းကျေးရွာနဲ့ ဖားပန့်ကျေးရွာကြား အရောက်မှာ ကေအိုင်အေနဲ့ ကသာခရိုင် PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ အင်းတော် PDF အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကူပေးဖို့အတွက် စီပိန်းကျေးရွာကနေ ဆင်းလာတဲ့ စစ်ကားတစ်စီးကိုလည်း လမ်းခုလတ်တစ်နေရာမှာ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ပင်လည်ဘူးမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ ကေအိုင်အေနဲ့ PDF အဖွဲ့တွေကို ဝင်ရောက်ဖမ်းဆီးစဉ် အပြန်အလှန် ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ကေအိုင်အေနဲ့ PDF အဖွဲ့တွေရဲ့ လက်နက်ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်း စာမှာ ဖော်ပြထားပါတယ်။