အိန္ဒိယ အာသံထောင်မှာ မြန်မာအကျဉ်းသား ၁၄ဝ ကျော် အစာငတ်ခံဆန္ဒပြနေ

RFA Burmese
2024.09.10
အိန္ဒိယ အာသံထောင်မှာ မြန်မာအကျဉ်းသား ၁၄ဝ ကျော် အစာငတ်ခံဆန္ဒပြနေ ၂ဝ၂၃ ခုနှစ်က တွေ့မြင်ရသည့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်မျက်နှာစာ မြင်ကွင်း။
Citizen Photo

အိန္ဒိနိုင်ငံ အာသံပြည်နယ်မှာရှိတဲ့ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၄၀ ကျော်ဟာ စက်တင်ဘာလ ၉ ရက် မနေ့ကစပြီး အစာငတ်ခံ ဆန္ဒပြနေတယ်လို့ အကျဉ်းသားအရေး ကူညီနေသူတွေက ပြောပါတယ်။

လွတ်ရက်စေ့ပေမဲ့ အာဏာပိုင်တွေက ပြန်မလွှတ်ပေးတာကြောင့် အခုလို အစာငတ်ခံ ဆန္ဒပြနေကြတာလို့ India for Myanmar အဖွဲ့ တာဝန်ခံ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။

"မနေ့ညက(စက်တင်ဘာလ ၉) စတာပါ။ ဒီနေ့မှာတော့ တာဝန်ရှိသူတွေက လာညှိနှိုင်းတာပေါ့၊ တာဝန်ရှိသူတွေကတော့ အမြန်ဆုံးဖြေရှင်းပေးနိုင်အောင် ကြိုးစားပါမယ်ဆိုတာလောက်ပဲ ဖြစ်တဲ့အခါကျတော့ သူတို့ဆန္ဒပြတာတော့ မရပ်ဘူး၊ ဆက်တိုက်ဆန္ဒပြဖို့တော့ ရှိတယ်၊ ဒါပေမဲ့ ဘယ်နှစ်ရက်ကြာမယ်ဆိုတာတော့ ကြိုပြောလို့ မရဘူး"

အိန္ဒိယနိုင်ငံထဲ တရားမဝင် အထောက်အထားမဲ့ နေထိုင်တဲ့အမှုနဲ့ ဖမ်းဆီးထောင်ချခံထားရတာဖြစ်ပြီး ထောင်ထဲ ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ ရိုဟင်ဂျာအယောက် ၁၁ဝ နဲ့ ချင်း ၃၂ ယောက် ပါတယ်လို့ ဆိုပါတယ်။

အဲဒီလူတွေဟာ ပစ်ဒဏ်စေ့ပြီဖြစ်ပေမဲ့ မြန်မာအစိုးရဘက်က ပြန်မခေါ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်တွေထဲမှာ နှစ်ချီထိန်းသိမ်းခံထားရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ထောင်ထဲမှာရောက်နေတဲ့ ရိုဟင်ဂျာတွေဟာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကြောင့် ထွက်ပြေးလာရတဲ့သူတွေဖြစ်ပြီး အဲဒီထောင်ထဲမှာ နေနေရတာ ခုနှစ်ကျော်နေပြီလို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

ချင်းလူမျိုးတွေကတော့ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြသူတွေဖြစ်ပြီး ထောင်ထဲမှာနေနေရတာ နှစ်နှစ်ကျော်ကြာနေပြီလို့ ဆိုပါတယ်။

လွတ်ရက်စေ့တဲ့ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ စစ်ကောင်စီလက်ထဲကို ပြန်လွှဲမပေးဘဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ကို ပြန်လွှဲပေးဖို့ တောင်းဆိုထားပါတယ်။

ဒီတောင်းဆိုထားချက်နဲ့ ပတ်သက်လို့ အာသံပြည်နယ်အာဏာပိုင်တွေကို RFA က လတ်တလော ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာလည်း ဖမ်းဆီးထားတဲ့ မြန်မာစစ်ဘေးဒုက္ခသည်အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့လက အစာငတ်ခံ ဆန္ဒပြခဲ့ကြပါသေးတယ်။ အဲဒီလို ဆန္ဒပြပွဲဖြစ်ပြီးနောက် မြန်မာ ၇၆ ယောက်ကို စစ်ကောင်စီဘက် ပြန်လွှဲပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။