နယ်စပ်ဖြတ်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ဝ ကျော်ကို အိန္ဒိယ နေရပ်ပြန်ပို့

ဒီတပ်ဖွဲ့မှာ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အရာရှိ ၃၆ ယောက်နဲ့ တခြားအဆင့်တပ်ဖွဲ့ဝင် အယောက် ၂၄ဝ ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့က မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့၊ lenpui လေဆိပ်တွင် တွေ့ရစဉ်။ Photo: Ko Nyo

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၆ ယောက်ကို နေရပ်ပြန်ပို့မယ်လို့ နယ်ခြားစောင့် အာသံရိုင်ဖယ်တပ်က တာဝန်ရှိသူတစ်ယောက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Telegraph India သတင်းမှာ မနေ့က ဖော်ပြပါတယ်။

ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီလ ၁၇ ရက်နေ့က အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အတွင်း Bandukbanga ရွာထဲကို လက်နက်ခဲယမ်းတွေနဲ့တကွ ထွက်ပြေးရောက်ရှိလာကြတာလို့ ဆိုပါတယ်။

ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အရာရှိ ၃၆ ယောက်နဲ့ တခြားအဆင့်တပ်ဖွဲ့ဝင် အယောက် ၂၄ဝ ပါဝင်တဲ့ ဒီတပ်ဖွဲ့ကို နီးစပ်ရာ အိန္ဒိယနယ်ခြားစောင့် အာသံရိုင်ဖယ်တပ်စခန်းမှာ ခေါ်ယူထိန်းသိမ်းထားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီစစ်သားတွေကို အိုက်ဇောမြို့အနီး Lengpui လေဆိပ်ကနေတစ်ဆင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို မြန်မာစစ်ကောင်စီ လေတပ်ပိုင် လေယာဉ်တွေနဲ့ ဒီနေ့နဲ့ မနက်ဖြန်မှာ လာရောက်ခေါ်ဆောင်မှာဖြစ်ပြီး သူတို့ကို လေဆိပ်ကို ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

၂ဝ၂၃ ခုနှစ် နိုဝင်ဘာလကစပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၃၅ ယောက် မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးလာကြတယ်လို့ နယ်စပ်တာဝန်ရှိသူတွေက ဆိုပါတယ်။

အဲဒီအထဲက တပ်ဖွဲ့ဝင် ၃၅၉ ယောက်ကို မြန်မာပြည်ကို ပြန်ပို့ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်နေသေးသူတွေကိုလည်း ထပ်မံပို့ဆောင်သွားမှာ ဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org