အိန္ဒိယရဲ့ စစ်တွေဆိပ်ကမ်း မကြာခင်ဖွင့်လှစ်နိုင်

RFA Burmese
2023.05.02
အိန္ဒိယရဲ့ စစ်တွေဆိပ်ကမ်း မကြာခင်ဖွင့်လှစ်နိုင် အိန္ဒိယနိုင်ငံက တည်ဆောက်ထားသည့် စစ်တွေဆိပ်ကမ်းအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ်မှာ အိန္ဒိယနိုင်ငံက တာဝန်ယူတည်ဆောက်ထားတဲ့ စစ်တွေဆိပ်ကမ်းကို လာမယ့်သီတင်းပတ်မှာ ဖွင့်လှစ်နိုင်ဖွယ်ရှိတယ်လို့ စစ်တွေအခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ရုံးက ပြောပါတယ်။

ပြည်တွင်းသတင်းမီဒီယာအချို့နဲ့ ဒေသတွင်းအခြေစိုက် သတင်းမီဒီယာတွေမှာတော့ မေလ ၉ ရက်နေ့မှာ စစ်တွေဆိပ်ကမ်းဖွင့်လှစ်မယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

ဒါပေမဲ့ ဆိပ်ကမ်းဖွင့်လှစ်မယ့် နေ့ရက်အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ စစ်တွေအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“လက်ရှိအချိန်ထိတော့ မေလ ၉ ရက်နေ့ ဖွင့်လှစ်ဖို့အဆင်ပြေပါတယ်။ ဒါပေမဲ့ တရားဝင်ထုတ်ပြန်တာမရှိသေးလို့ အတည်ပြုလို့တော့ မရသေးပါဘူး”

ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာ အရေးပါတဲ့ စစ်တွေဆိပ်ကမ်း စီမံကိန်းဟာ ၂၀၁၇ ခုနှစ် လောက်ကတည်းက ပြီးစီးနေတာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကုန်းတွင်းပိုင်းဒေသတွေ အတွက် ကုန်ပစ္စည်းတွေကို ဘင်္ဂလားပင်လယ်အော်ကနေတစ်ဆင့် ရခိုင်ပြည်နယ် စစ်တွေ နဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်ကိုဖြတ်ပြီး ရေလမ်း၊ ကုန်းလမ်းကနေဆက်သွယ်ဖို့ ရည်ရွယ်တဲ့စီမံကိန်း ဖြစ်ပါတယ်။

ဒီစီမံကိန်းကို အိန္ဒိယနဲ့ မြန်မာအကြား ၂၀၀၈ ခုနှစ်က သဘောတူလက်မှတ်ရေးထိုးပြီး ၂၀၀၉ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။