စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ၂၀၂၆ ခုနှစ် မတ်လအတွင်း အရပ်သားပြည်သူနဲ့ တော်လှန်ရေးအင်အားစု ၃၃၈ ဦး သေဆုံးခဲ့ရတယ်လို့ Spring Revolution Database (SRD) ရဲ့ တာဝန်ခံတစ်ဦးက RFA ကို ဧပြီလ ၁၆ နေ့က ပြောပါတယ်။
အဲဒီထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၉၁ ဦးနဲ့ တော်လှန်ရေးအင်အားစု ၁၄ ဦး၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနဲ့ တော်လှန်ရေးအင်အားစု ၂၆ ဦး၊ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် အရပ်သား ၄၉ ဦးသေဆုံးခဲ့ရသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs)နဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် (PDF) ၅၈ ဦး စုစုပေါင်း ၃၃၈ ဦး သေဆုံးခဲ့တာလို့ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Spring Revolution Database (SRD) သုတေသနအဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက မတ်လတစ်လအတွင်း စစ်တပ်အပါဝင် သူ့လက်အောက်ခံ အဖွဲ့တွေရဲ့ အရပ်သားတွေအပေါ် ကျူးလွန်မှု ၂၃၁ ကြိမ်အထိရှိခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“စစ်တပ်နဲ့ သူ့လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ ရဲတပ်ဖွဲ့၊ ပျူစောထီတွေက အရပ်သားပြည်သူတွေအပေါ် မတရားသတ်ဖြတ်တာ၊ စစ်ရာဇဝတ်မှုနဲ့ဆက်နွယ်တဲ့ဖြစ်ရပ်တွေကို နေ့နေ့ညည အချိန်တိုင်း ကျူးလွန်ခဲ့တဲ့ အကြိမ်က ကျွန်တော်တို့ SRD က ပြုစုထားတဲ့ စာရင်းတွေအရဆိုရင် ၂၃၁ ကြိမ်တောင်ရှိပါတယ်။”
တိုင်းနဲ့ ပြည်နယ်အလိုက် မတ်လအတွင်းမှာ စစ်ကိုင်းတိုင်းက အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး အများဆုံး ဖြစ်ပါတယ်။ ဒုတိယအများဆုံးက ပဲခူးတိုင်းဖြစ်ပြီး အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ တတိယအများဆုံးက မကွေးတိုင်းဖြစ်ပြီး အရပ်သား ၃၀ ကျော် သေဆုံးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
Spring Revolution Database (SRD) ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှစပြီး စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ သုတေသနအဖွဲ့တစ်ခု ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင် ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ပြုစုထားတဲ့စာရင်းအရ စစ်အာဏာ သိမ်းကာလအတွင်း ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့အထိ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း (၇,၉၇၂) ဦး သေဆုံးခဲ့ပါတယ်။
