ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ဧပြီလ ၁၇ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ရွာသုံးရွာက နေအိမ် သုံးရာခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကြို့ပင်ကောက်မြို့နဲ့ ခုနှစ်မိုင်ခန့်ဝေးတဲ့ ချောင်းဝ၊ မြို့ကိုင် နဲ့ ကွက်သစ် ရွာပေါင်းသုံးရွာက နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်မှာ စတင်တိုက်ခတ်တဲ့ လေပြင်းမုန်တိုင်းဟာ နှစ်နာရီကြာ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လေပြင်းမုန်တိုင်းနဲ့ မိုးအကြီးအကျယ်ရွာတာပေါ့။ လေက တအားဖိတိုက်ပြီးတော့ မိုးသီးတွေတောင် ကြွေကျတယ်။ ရွာသုံးရွာမှာ လူနေအိမ် သုံးရာလောက် ပျက်စီးယိုယွင်းသွားတယ်။ တချို့အိမ်တွေဆို လုံးဝပြိုပျက်သွားတာတွေ ရှိသလို၊ တချို့အိမ်တွေကျ ခေါင်မိုးတွေရော သွပ်တွေပါ လွင့်စင်ပြုတ်ထွက်ပြီး သစ်ပင်တွေ၊ ဓာတ်တိုင်တွေပေါ် တက်ချိတ်တဲ့အထိကို ဖြစ်သွားတယ်ဗျ။”
လေပြင်းမုန်တိုင်းကြောင့် ကလေးငယ်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ လေဘေးသင့်သူတွေဟာ မပျက်စီးဘဲကျန်ခဲ့တဲ့ နေအိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စုပေါင်းခိုလှုံနေကြရတယ်လို့ ပြောပါတယ်။
သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခဲ့ရတဲ့ လူဦးရေ ခုနှစ်ရာ ခန့်ဟာ လက်ရှိအချိန်မှာ နေထိုင်စားသောက်ရေးနဲ့ အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
