မြန်မာ့ငြိမ်းချမ်းရေး အိန္ဒိယ တရားဝင် ကူညီမည်

2015-03-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အိန္ဒိယအစိုးရက တရားဝင် စတင် ပါဝင်ကူညီဆောင်ရွက်တော့မယ်လို့ မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ Mizo National Front (MNF) ဥက္ကဌ ဇိုရမ်သန်ဂါ Zoramthanga က တနင်္လာနေ့က ပြောဆိုကြောင်း The Indian Express သတင်းက ဖေါ်ပြပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အိန္ဒိယအစိုးရက တရားဝင်ကူညီဖို့ စတင်နေပြီဖြစ်သလို၊ မြန်မာနိုင်ငံ ကလည်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ရဲ့လာမယ့် မေလ ခရီးစဉ်အတွက် ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီ ရဲ့အခုခရီးစဉ်ဟာ ပြီးခဲ့တဲ့ ၇ လအတွင်း ဒုတိယမြောက် မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံကိုလာရောက်ပြီး၊ ၁၉၈၆ ခုနှစ် မီဇို သဘောတူညီချက်ကို လေ့လာကြရေး အစီအစဉ်ကိုလည်း ဖြစ်မြောက်အောင်ကူညီဖို့ အိန္ဒိယအစိုးရ က သဘောတူထားပြီး ဖြစ်တယ်လို့လည်း ဇိုရမ်သန်ဂါ က ပြောပါတယ်။

လက်ရှိ မီဇိုရမ်ပြည်နယ်မှာ အတိုက်အခံပါတီအဖြစ် ရပ်တည်နေတဲ့ MNF ဟာ မီဇိုရမ်ပြည်နယ် လွတ်လပ်ရေးအတွက် ၁၉၆၆ ကနေ ၁၉၈၆ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကြာ အိန္ဒိယအစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ မီဇိုလူမျိုးစုလက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။

MNF နဲ့ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ လက်ထက် အိန္ဒိယဗဟိုအစိုးရတို့ ၁၉၈၆ ခုနှစ်မှာ ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပြီး ဒီနေ့အထိ မီဇိုရမ်ပြည်နယ်ဟာ အိန္ဒိယမှာ အငြိမ်းချမ်းဆုံးပြည်နယ် တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် အဲ့ဒီ မီဇို သဘောတူညီချက်ကို မြန်မာတိုင်းရင်းသား လူမျိုးစုခေါင်းဆောင်တွေ လာရောက် လေ့လာကြမှာဖြစ်တယ်လို့လည်း ဇိုရမ်သန်ဂါ က ပြောပါတယ်။

ဇိုရမ်သန်ဂါ ဟာ ဒီနှစ်အတွင်း မြန်မာ နဲ့ထိုင်းနိုင်ငံကို နှစ်ကြိမ်သွားရောက်ခဲ့ပြီး ဝန်ကြီးဦးအောင်မင်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ ဖက်ဒရယ်ကောင် စီ UNFC ဥက္ကဌ အင်ဘန်လတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဝန်ကြီးဦးအောင်မင်း ဟာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အိန္ဒိယအစိုးရအနေနဲ့ တက်ကြွတဲ့ကဏ္ဍက ပါဝင်ကူညီဖို့ဝန်ကြီးချုပ်မိုဒီ ရဲ့ NSA ခေါ် အမျိုးသား လုံခြုံရေး အကြံပေး အဂျစ်ဒိုဗဲလ်ဆီကို ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က စာရေးသားပေးပို့ ခဲ့တယ်လို့ The Indian Express သတင်းက ဖေါ်ပြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့