နိုင်ငံခြားအာမခံ ကုမ္ပဏီတွေ လုပ်ကိုင်ခွင့်ပြုမည်


2019.01.03
insurance-company-622.jpg ပုဂ္ဂလိက အာမခံကုမ္ပဏီတစ်ခုကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံခြားအာမခံကုမ္ပဏီတွေကို လုပ်ငန်းလုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့ညနေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လုပ်ကိုင်လိုတဲ့ ပြည်တွင်း နဲ့ နိုင်ငံခြားအာမခံကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်လိုမှု ဆန္ဒပြုလွှာနဲ့ အဆိုပြု လျှောက်လွှာတွေကို တင်သွင်းဖို့ ဖိတ်ခေါ်သွားမှာ ဖြစ်ပြီး ဘယ်အချိန်မှာ တရားဝင်လုပ်ကိုင်ခွင့် ပြုသွားမယ်ဆိုတာ ကိုတော့ ထုတ်ပြန်ချက်မှာ မတွေ့ရပါဘူး။

အသက်အာမခံလုပ်ငန်းမှာ နိုင်ငံခြားကုမ္ပဏီတွေကို ၃ ခုထက်မပိုတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေး မှာဖြစ်ကြောင်းနဲ့  ပြည်တွင်းမှာ ကိုယ်စားလှယ်ရုံးဖွင့်ထားပြီးဖြစ်တဲ့ နိုင်ငံခြားအသက်အာမခံကုမ္ပဏီ (သို့) အသက်အာမခံနဲ့ အထွေထွေအာမခံ ၂ မျိုးလုံး လုပ်ကိုင်လျက်ရှိတဲ့ နိုင်ငံခြားအာမခံကုမ္ပဏီကို ပြည်တွင်း အသက်အာမခံ ကုမ္ပဏီနဲ့ ဖက်စပ်ဆာင်ရွက်ခွင့်ပြုမှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့အရင်းအနှီးတွေ ရရှိစေရေးကို အထောက်အကူပြုနိုင်ဖို့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ပြည်ထောင်စုအစိုးရရဲ့ အတည်ပြုချက်နဲ့ အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံကို ရေးဆွဲခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အခြေစိုက် အာမခံကုမ္ပဏီဖြစ်တဲ့ ဆမ်ဆောင်းလိုက်ဖ် အသက်အာမခံကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ နိုင်ငံခြားအာမခံကုမ္ပဏီတွေအတွက် ဈေးကွက်ဖွင့်ပေးဖို့ ကြန့်ကြာနေတာကြောင့် မြန်မာနိုင်ငံက ထွက်သွားပြီးနောက်ပိုင်းမှ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်က ဒီလိုကြေညာချက်ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

အဲဒီကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးဖွင့်ထားခဲ့တာဖြစ်ပြီး ၂၀၁၈ သြဂုတ်လလောက်က ပြန်ရုပ်သိမ်းသွားတာလို့ သိရပါတယ်။

အာမခံလုပ်ငန်းလုပ်ချင်တဲ့ ပြည်တွင်းနဲ့ နိုင်ငံခြားအာမခံကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုနိုင်ဖို့ လုပ်ငန်းဆောင်ရွက်လိုမှု ဆန္ဒပြုလွှာနဲ့ အဆိုပြုလွှာတွေကို ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနဘက်က ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ဒီလျှောက်လွှာတွေကို မကြာမီကာလအတွင်း ဈေးကွက်မှာ အသိပေးပြီး ဖြန့်ဝေသွားမှာ ဖြစ်တယ်လို့လည်း ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန က ပြောပါတယ်။

နိုင်ငံခြားအာမခံကုမ္ပဏီတွေကို ပုံစံ ၃ မျိုးနဲ့ လုပ်ကိုင်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ အသက်အာမခံလုပ်ငန်းနဲ့ ပတ်သက်ပြီး ရွေးချယ်ခွင့်ပုံစံ ၂ မျိုးရှိမှာ ဖြစ်ပါတယ်။

ပထမပုံစံနဲ့ပတ်သက်ပြီး စီမံဘဏ္ဍာဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင် က အခုလို ရှင်းပြပါတယ်။

"အရင်တုန်းကတော့ နိုင်ငံခြားအာမခံကုမ္ပဏီတွေကို မြန်မာပြည်မှာ ကိုယ်စားလှယ်ရုံးပဲ ဖွင့်ခွင့်ပေးထားတာ၊ အခုတော့ အာမခံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ လွတ်လပ်ခွင့်ပေးတော့မှာပေါ့၊ နံပါတ်တစ်ပုံစံက အသက်အာမခံပေါ့၊ အသက်အာမခံက နိုင်ငံခြားကကုမ္ပဏီတွေကလည်း ဒီမှာဝင်ပြီးတော့ လုပ်လို့ရတယ်၊ ကိုယ်စားလှယ်ရုံး ဖွင့်ထားစရာ မလိုဘူးပေါ့နော်၊ ၁၀၀ % ပိုင်ဆိုင်တဲ့ကုမ္ပဏီအနေနဲ့ လျှောက်ထားလို့ရတယ်၊ ကိုယ်စားလှယ်ရုံး ဖွင့်ထားတဲ့သူတွေကလည်း လျှောက်ခွင့်ရှိတယ်၊ ဒါပေမဲ့ ကုမ္ပဏီ ၃ ခုထက်ပိုပြီး လုပ်ပိုင်ခွင့်မပေးဘူး"

အသက်အာမခံလုပ်ငန်းမှာပဲ နောက်ထပ်ပုံစံတစ်မျိုးအနေနဲ့ မြန်မာကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲလိုဖက်စပ်လုပ်ကိုင်ချင်တဲ့ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့တော့ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံး ဖွင့်ထားပြီးသား ဖြစ်ရမယ်လို့လည်း သိရပါတယ်။

တတိယပုံစံတစ်ခုဖြစ်တဲ့ အထွေထွေအာမခံလုပ်ငန်းမှာတော့ မြန်မာကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်ခွင့် တစ်မျိုးတည်းကိုသာ ခွင့်ပြုသွားမှာဖြစ်ပြီး ဒီအထွေထွေအာမခံလုပ်ချင်တဲ့ နိုင်ငံခြားကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးဖွင့်ထားရမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းနဲ့ ထိတွေ့လုပ်ကိုင်နေတာဟာ တစ်နိုင်ငံလုံးလူဦးရေရဲ့ ၂၉ ရာခိုင်နှုန်းသာရှိပြီး အာမခံလုပ်ငန်းတွေနဲ့ ထိတွေ့တာဆို လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းတောင် မပြည့်တာကြောင့် အာမခံလုပ်ငန်းက မြန်မာနိုင်ငံမှာ မထွန်းကားသေးဘူးလို့ သုံးသပ်သူတွေလည်းရှိပါတယ်။

ဒီလို နိုင်ငံခြားကုမ္ပဏီတွေ အာမခံလုပ်ငန်းမှာ ဝင်ရောက်လာလို့ နိုင်ငံရဲ့စီးပွားရေးမှာ အထောက်အကူပြုမယ့် ရာခိုင်နှုန်းအနေနဲ့ဆို နည်းသေးတယ်လို့သာမြင်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင် က အခုလို သုံးသပ်ပြပါတယ်။

"အာမခံက မြန်မာပြည်မှာ သိပ်ပြီးမထွန်းကားသေးဘူးပေါ့၊ ကားအာမခံဆိုတာက အလုံးစုံအာမခံ မဟုတ်ဘူး၊ ပိုပြီးတော့ တွင်တွင်ကျယ်ကျယ်လုပ်မယ်ဆိုရင်တော့ အာမခံဆိုတာဘာလဲဆိုတာ လူတွေကို နိုးကြားလာအောင် လုပ်ပေးဖို့လိုတယ်၊ ဒီအာမခံလုပ်ငန်းမှာ နိုင်ငံခြားကဝင်လာရင် ဘယ်လောက်အထောက်အကူပြုသလဲဆိုတာကို ပြောရင်စောသေးတယ်၊ စီးပွားရေးကို အထောက်အကူပြုမယ့် % နည်းသေးတယ်လို့ပဲမြင်ပါတယ်"

တဘက်မှာလည်း နိုင်ငံခြားကုမ္ပဏီတွေဝင်လာရင် ပြည်သူတွေအတွက် ပိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေရ လာမှာလို့ မျှော်လင့်တဲ့အတွက် လက်ခံကြောင်း ကားအာမခံလုပ်ငန်း လုပ်ကိုင်နေသူ ကိုအရည်ကြို က အခုလို ပြောပါတယ်။

"စားသုံးသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေရလာမယ်လို့ ယုံကြည်တယ်ဗျ၊ ခုကျတော့ ဝန်ဆောင်မှုတွေ အပြည့်အဝမရတာတွေ၊ စည်းမျည်းစည်းကမ်းတွေမှာ ဝေေ၀ဝါးဝါးဖြစ်နေတာတွေက ပိုပြီးရှင်းရှင်းလင်းလင်းဖြစ်ပြီးတော့ ယှဉ်ပြိုင်မှုတွေ ပိုပြီးများလာမယ်လို့ အကောင်းဘက်ကပဲမြင်ပါတယ်"

စီမံဘဏ္ဍာဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၁ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်တွေ ထုတ်ပေးခဲ့တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ အသက်အာမခံနဲ့ အထွေထွေအာမခံလုပ်ငန်းတွေကို သီးခြားစီလုပ်ကိုင်ကြဖို့ ညွှန်ကြားထားပြီးဖြစ်တာကြောင့် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နိုင်မှာဖြစ်တယ်လို့လည်း ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို အင်္ဂလိပ်ဘာသာနဲ့သာထားရှိပြီး မြန်မာလို ဘာသာပြန်ထားတာမရှိတဲ့အတွက် တကယ်သိချင်လို့ မေးမြန်းတဲ့အခါမှာတောင် တချို့ကိစ္စတွေမှာ ေ၀ဝါးနေတာမျိုးတွေရှိနေတာကြောင့် အာမခံလုပ်ငန်းအပေါ် ပြည်သူတွေ စိတ်ဝင်စားမှုနည်းကြတာလို့ သုံးသပ်ကြသူတွေလည်း ရှိကြပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။