EU ကို နိုင်ငံတကာအဖွဲ့တွေ တိုက်တွန်း

ဥရောပနိုင်ငံများအဖွဲ့ EU အနေနဲ့ လာမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်နဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ အရေးယူပြဌာန်းချက်တွေကို ပြင်ဆင်ဖို့အတွက် အဆိုပြုချက်တစုံတရာ တင်သွင်းခြင်း မပြုပါနဲ့လို့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း ၆ ခုက စက်တင်ဘာလ ၁ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ NLD အစိုးရ အာဏာရနေပြီဖြစ်ပေမယ့် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဖြေရှင်းဖို့ လိုအပ်နေဆဲဖြစ်ကြောင်း၊ အစိုးရသစ်ရဲ့ကြိုးပမ်းမှုတွေကို စစ်တပ်က အဟန့်အတားဖြစ်နေဆဲ ရှိကြောင်း၊ ဒါကြောင့် ခုချိန်မှာ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူမှုတွေကို လျှော့ချဖို့ အချိန်မတန်သေးကြောင်း စသဖြင့် နိုင်ငံတကာအဖွဲ့တွေရဲ့ စုပေါင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အဲ့ဒီတိုက်တွန်းချက်ကို ထုတ်ပြန်ခဲ့တဲ့ အဖွဲ့အစည်းတွေကတော့ ALTSEAN-Burma, Amnesty International, Article 19, Civil Rights Defenders (CRD), Forum-Asia နဲ့ the International Federation for Human Rights (FIDH) တို့ဖြစ်ပါတယ်။