ရေကာတာစီမံကိန်းတွေ ဖျက်သိမ်းပေးဖို့ မြစ်ချောင်းများနေ့ မှာ တောင်းဆို


2017.03.14
international-river-day-620.JPG ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများကို အပြီးတိုင်ရပ်ဆိုင်းဖို့ တန်ဖရဲ-မြစ်ဆုံ ဒေသခံရွာသားတွေ မတ်လ ၁၄ ရက်နေ့ နိုင်ငံတကာ မြစ်ချောင်းများနေ့မှာ တောင်းဆိုကြစဉ်
Photo: Kyaw Myo Min/RFA

ဧရာဝတီမြစ်ပေါ်က ရေကာတာစီမံကိန်းအားလုံးကို ဖျက်သိမ်းပေးဖို့ မေခ နဲ့ မလိခ ပေါင်းဆုံတဲ့ ဧရာဝတီ မြစ် ဆုံမှာ ဒီကနေ့ကျင်းပတဲ့ နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားမှာ ဒေသခံတွေ စုပေါင်းတောင်းဆိုခဲ့ပါတယ်။

ဧရာဝတီမြစ်ဆုံ မြစ်ညှာ၊ မြစ်ဝှမ်း ရေကာတာစီမံကိန်းတွေအားလုံး ရပ်ဆိုင်းရေးဟာ မြန်မာနိုင်ငံသား အားလုံးရဲ့တာဝန်ဖြစ်တယ်လို့ မြစ်ဆုံ စီမံကိန်းကြောင့် အောင်မြင်သာရွာမှာ ပြောင်းရွှေ့နေထိုင်နေရတဲ့ တန်ဖရဲရွာသူ ဒေါ်ဂျာခေါန် က ပြောပါတယ်။

"အားလုံးရဲ့တာဝန်ဖြစ်ပါတယ်၊ ကျမတို့နောက်နှ်စ်၊ နောက်နှစ်တွေမှာလည်း စီမံကိန်းမရပ်မခြင်းကတော့ ကျမတို့အားလုံး စိတ်တူ၊ သဘောတူလက်တွဲပြီးတော့ မြစ်ဆုံ၊ သဘာဝပတ်ဝန်းကျင်အားလုံး၊ မြစ်ချောင်း၊ အင်း၊ အိုင်တွေအားလုံး ကာကွယ်ကြရအောင်"

ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ဒေသခတစ်ခုလုံးအပါအဝင် မဂ္ဂါဝပ် ၁၂၀ ကနေ မဂ္ဂါဝပ် ၃၄၀၀ အထိ ထွက်ရှိပြီး စုစုပေါင်း လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် နှစ်သောင်းကျော်ရရှိနိုင်မယ့် ရေကာတာ ၁၅ ခုကို ပြည်နယ်အတွင်းမှာ တည်ဆောက်ဖို့စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။

အခမ်းအနားကို တက်ရောက်လာသူတွေက ဧရာဝတီမြစ်ဆုံ မြစ်ညှာ၊ မြစ်ဝှမ်း စီမံကိန်းအားလုံးကို ကန့်ကွက်ကြောင်း ရင်ဖွင့်ပြောကြားတာတွေ ၊ ဧရာဝတီမြစ်နဲ့ ပတ်သက်တဲ့သီချင်းတွေ သီဆိုမှုနဲ့အတူ ဝတ်ပြုဆုတောင်းမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းတွေရပ်ဆိုင်းရေး နဲ့ ပတ်သက်တဲ့ တောင်းဆို ချက်တွေ ရေးသားထားတဲ့ ဝါးဖောင်တစ်ခုကိုလည်း မေခ နဲ့ မလိခ ပေါင်းဆုံတဲ့ မြစ်ဆုံကနေ ဧရာဝတီမြစ်ကြောင်း တလျှောက်ကို မျှောလွှတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် မတ်လ ၁၄ ရက်နေ့ကနေ စတင်ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာမြစ်ချောင်းများနေ့ အခမ်းအနားဟာ အခုနှစ်မှာ ၅ နှစ်ရှိပြီ ဖြစ်ပြီး ဒီကနေ့ အခမ်းအနားကို မြစ်ဆုံ၊ တန်ဖရဲစတဲ့ ဒေသခံတွေနဲ့ မြစ်ဆုံအရေးစိတ်ဝင်စား သူတွေ အယောက် ၃၀၀ လောက်တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။