ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်က ဦးဆောင်ပြီး မတ်လ ၈ ရက် မနက်ဖြန်မှာ ကျရောက်မယ့် နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မြစ်ကြီးနားမြို့ မနောကွင်းက မဂျွယ်ခန်းမမှာ ဒီကနေ့ကျင်းပခဲ့ပြီး ကချင်အမျိုးသမီး တစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။
အမျိုးသားတွေနဲ့ တန်းတူ အမျိုးသမီးတွေ လုံခြုံငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ လိုအပ်တယ်လို့ အခမ်းအနားကို ဦးဆောင်သူတစ်ဦး ဖြစ်တဲ့ ဒေါ်နမ်ပူ က ပြောပါတယ်။
"အမျိုးသမီးတွေငြိမ်းချမ်းစွာနေထိုင်ဖို့အတွက်၊ အမျိုးသမီးတွေလုံခြုံမှုရရှိဖို့အတွက် ကျမတို့ပြောင်းလဲဖို့ရန်လိုအပ်တယ်၊ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရရှိရန် အင်မတန်မှအရေးကြီးတယ်၊ အဲ့ဒါမရရှိနေတဲ့အတွက် လုပ်ဖို့လိုအပ်တယ်"
ဒီနှစ်အတွက် နိုင်ငံတကာအမျိုးသမီးများနေ့ ဆောင်ပုဒ်မှာ "ပြောင်းလဲဖို့အတွက် ရဲရင့်စို့" ဖြစ်ပြီး ကချင်ပြည်နယ် မှာတော့ "အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရဖို့ ပြောင်းလဲမှုအတွက် ရဲရင့်စို့" ဆိုတဲ့ ဆောင်ပုဒ်နဲ့ လှုပ်ရှားမှု ပြု လုပ်တာဖြစ်ပါတယ်။
ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်ကို လူမျိုးပေါင်းစုံ နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီကနေ့ အခမ်းအနားကို တက်ရောက်လာသူ အားလုံးနီးပါးက ကချင်တိုင်းရင်းသူတွေ ဖြစ်ပါတယ်။
အခမ်းအနားမှာ သရုပ်ဖော်ပြဇာတ်နဲ့ အမျိုးသမီးစကားဝိုင်းတွေကို ထည့်သွင်းကျင်းပခဲ့တာဖြစ်ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ နမ္မတီး စတဲ့ ဒေသတွေက စစ်ဘေးဒုက္ခသည်အမျိုးသမီးတွေနဲ့ လူမှုအဖွဲ့အစည်းတချို့လည်း တက်ရောက်ခဲ့ပါတယ်။
