အမျိုးသမီးတွေ အခွင့်အရေး သိရုံသာမက တာဝန်ကျေပွန်ဖို့လို

အမျိုးသမီးတွေအနေနဲ့ အခွင့်အရေးကို သိရုံသာမက တာဝန်ကျေပွန်ဖို့ လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာနမှာ ကျင်းပတဲ့ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။

"အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်အခွင့်အရေးတွေ သိရှိသလို မိမိတို့ရဲ့ တာဝန်တွေကို ကျေပွန်ဖို့ လိုအပ် ပါတယ်၊ အခွင့်အရေးသာတောင်းခံပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိလို့ချင်ရင် ဒါဟာ အပေါင်းလက္ခဏာဆောင်မှာ မဟုတ်ပါဘူး။ ဒီအမျိုးသမီးများကို တန်ဖိုးထားဖို့ဆိုတာ စရမှာက မိခင်များကနေ စရမှာ ဖြစ်ပါတယ်၊ အဲဒါအတွက် ကျမ အထူးသတိပေးချင်ပါတယ်။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခွင့်အရေးသာ တောင်းခံပြီးတာဝန်ယူ၊ တာဝန်ခံမှုမရှိရင် အပေါင်းလက္ခဏာဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လူူငယ်တွေ၊ အမျိုးသားတွေဟာ ကျေးရွာတွေရဲ့ ပြင်ပမှာ အလုပ်သွားရောက် လုပ်ကိုင်နေကြတဲ့အတွက် ကျေးလက်ဒေသတွေက အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ အရည်အချင်းကို အထူးမြှင့်တင်ဖို့ လိုအပ်နေ တယ်လို့လည်း ပြောပါတယ်။

မြန်မာနဲ့ ကမ္ဘာ့သမိုင်းမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အခွင့်အရေးပိုမိုရရှိခဲ့ပြီး လက်ရှိအချိန်မှာ အခွင့်အရေးတန်းတူ မဖြစ်သေးပေမယ့် တိုးတက်ရရှိလာတယ်လို့ ပြောပါတယ်။

အစိုးရက အသက် ၉၀ နှစ်နဲ့အထက် ဘိုးဘွား လေးသောင်းနီးပါးကို လစဉ်လူမှုရေးပင်စင် ထောက်ပံ့ပေးနေတာမှာ ၂၇၀၀၀ ကျော်ဟာ အဘွားများဖြစ်ပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး အပါအဝင် ပြည်ထောင်စု ဝန်ကြီးအချို့၊ အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားတဲ့အဖွဲ့အချို့လည်း တက်ရောက်ကြပါတယ်။