နိုင်ငံတကာ အမျိုးသမီးများနေ့ကို ချင်းမိုင်မြို့တွင် ကျင်းပ
2016.03.08
မတ်လ ၈ ရက်နေ့ မနေ့က ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ထိုင်းအမျိုးသမီးအဖွဲ့အစည်းတွေနဲ့ မြန်မာအမျိုးသမီး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဖူလုံလောက်ငှတဲ့ လုပ်အားခရရှိရေးအပါအဝင် အမျိုးသမီးအခွင့်အရေးပိုမို ရရှိဖို့အတွက် လက်ကိုင်ပိုစတာတွေ ကိုင်ဆောင်ပြီး ညနေ ၅ နာရီက လမ်းလျှောက် ချီတက် တောင်းဆိုခဲ့ကြပါတယ်။
ချင်းမိုင်မြို့က ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်တဲ့ MAP ဖောင်းဒေးရှင်းအဖွဲ့ဝင် နော်မေဘယ်ထူး က အမျိုးသမီးတွေရဲ့ဆုံးရှုံးမှုတွေကို ဖြေရှင်းပေးဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။
"ကျမတို့က ဒီ အခုဆိုလို့ရှိရင် ထိုင်းနိုင်ငံမှာဆိုလို့ရှိရင် လုပ်အားလခ တစ်ရက်ကို ၃၀၀ လို့သတ်မှတ်တယ် ဒါက အနှိမ့်ဆုံးလုပ်အားလခပေါ့နော် ဒါပေမယ့် ကျမတို့ အမျိုးသမီး တွေက ဒီလုပ်အားခကိုတောင်မှ ကျမတို့ မရရှိပါဘူး နောက်တစ်ခုက ကျမတို့ အမျိုးသမီးတွေ အခုလို ဖူလုံတဲ့ လုပ်အားလခ တောင်းရတယ် ဆိုတာက ကျမတို့ ဒီ သူတို့သတ်မှတ်ထားတဲ့ ၃၀၀ နဲ့ ကျမတို့ မလောက်ပါဘူး ကျမတို့အတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကျမတို့ရဲ့မိသားစု တစ်ခုလုံးကို ဖူလုံဖို့ အတွက်က ကျမတို့ ဒီဖူလုံတဲ့ လုပ်အားခရမှ ဖြစ်မှာပါ၊ ဒီအတွက် ကျမတို့က ဒီအမျိုးသမီးတွေ အားလုံး အတွက် ဖူလုံတဲ့ လုပ်အားလခရဖို့ ကျမတို့ တောင်းဆိုရတာ ဖြစ်ပါတယ်၊ ကျမတို့ရဲ့ အမျိုးသမီးအရေးဟာလည်းပဲ ကျမတို့ရဲ့ အခွင့်အရေးပဲ ဆိုတဲ့ဟာပေါ့နော် ကျမတို့ တောင်းဆိုတာ ဖြစ်ပါတယ်"
ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာအမျိုးသမီးတွေအနေနဲ့ ဆေးကုသခွင့်နဲ့ လုံခြုံတဲ့ ဘဝမှာ နေထိုင်ခွင့်တွေ လိုအပ်နေတယ်လို့လည်း ရွှေ့ပြောင်းမြန်မာ အမျိုးသမီးတွေက ပြောဆိုပါတယ်။
မနေ့က လှုပ်ရှားမှုမှာ ချင်းမိုင်မြို့အပြင် မဲဆောက်၊ ဖန်င၊ ဘန်ကောက်နဲ့ ရနောင်း မြို့နယ်တွေက မြန်မာအမျိုးသမီး ၁၅ဝ ကျော် ပါဝင်ခဲ့ကြပါတယ်။









