နိုင်ငံတကာ အမျိုးသမီးများနေ့ ထိုင်းနဲ့ မြန်မာမှာ ကျင်းပ

2015-03-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ ၁၀၄ ကြိမ်မြောက် နိုင်ငံတကာ အမျိုးသမီးများ နေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ထိုင်း နဲ့ မြန်မာအမျိုးသမီး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မနေ့က အမျိုးသမီးအခွင့်အရေးတွေ လမ်းလျှောက် ချီတက် တောင်းဆိုခဲ့ကြပါတယ်။

ချင်းမိုင်မြို့ ဘုရင်သုံးပါးရင်ပြင်ကနေ မြို့လယ်ပန်းခြံကို ချီတက်ကြရာမှာ လွတ်လပ်စွာ သွားလာခွင့်ပေးဖို့၊ လုပ်ငန်းခွင် နဲ့ နေထိုင်မှုဘ၀ လုံခြုံမှုရရှိဖို့၊ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့် ပေးဖို့ ရေးသားထားတဲ့ ပိုစတာတွေ ကိုင်ပြီး မြန်မာအမျိုးသမီး ၈၀ ခန့်  အပါအ၀င် အင်အား ၅၀၀ ၀န်းကျင် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေဟာ မိသားစု အတွက်သာမက၊ ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အကျိုးပြုနေ သူတွေ ဖြစ်တာကြောင့်၊ ရသင့်ရထိုက်တဲ့ တန်တူခံစားခွင့်တွေရရှိဖို့နဲ့ ကန့်သတ်မှုတွေ က လွတ်မြောက်ဖို့အတွက် နိုင်ငံတကာအမျိုးသမီးများနေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့ MAP ဖောင်းဒေးရှင်း အဖွဲ့က အမျိုသမီးရေးရာ တာဝန်ခံ ဒေါ်မမိုင် က ပြောပါတယ်။

"ကျမတို့ထိုင်းနိုင်ငံမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေနဲ့အတူ ခုနကကျမပြောတဲ့ အခွင့် အရေးတွေကို အပြည့်အဝခံစားရတာမရှိသေးပါဘူး၊ အပြည့်အဝခံစားဖို့ဆိုတာလဲ နှစ်နိုင်ငံအစိုးရအပေါ်မှာလဲ အများကြီးမူတည်ပါတယ်၊ အခုထိုင်းနိုင်ငံမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေဟာ မြန်မာနိုင်ငံက ချမှတ်ထားတဲ့ဥပဒေရဲ့ ခံစားခွင့်လဲမရှိဘူး၊ ထိုင်းနိုင်ငံမှာရှိနေတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့လည်း ကျမတို့ဝေးနေပါတယ်၊ ကျမတို့က ကြားမှာလပ်နေတဲ့ လူတွေဖြစ်နေတယ်၊ ဒါကြောင့် ကျမတို့ရဲ့အသံတွေ၊ အခွင့်အရေးတွေ နှစ်နိုင်ငံအစိုးရသိအောင်လည်း ဖော်ထုတ်ခြင်းဖြစ်ပါတယ်"

မြန်မာနိုင်ငံ မကွေးမြို့က လာရောက်တဲ့  မမြသီတာလှိုင် ကလည်း အမျိုးသမီးအခွင့်အရေးတွေဟာ မြန်မာနို်င်ငံ မှာလည်း အများကြီးဆုံးရှုံးနေတယ်လို့ ပြောဆိုပါတယ်။

"ကွာခြားမှုတွေရှိတယ်ရှင့်၊ ဒါပေမယ့် ကျမတို့အခုလေ့လာရသလောက်တော့ ဘယ်မှာပဲဖြစ်ဖြစ် အမျိုးသမီးတွေဟာ အရေးကြီးတဲ့ဆုံးဖြတ်ချက် တဲ့နေရာတွေမှာ သိပ်ပြီးပါဝင်ခွင့်မရဘူး၊ ကျမအမြင်ပြောရ မယ်ဆိုရင် တကယ်တော့ အလုပ်အရမ်းလုပ်နေတာ အမျိုးသမီးတွေပါ၊ ဒါပေမယ့် အရေးကြီးတဲ့ဆုံးဖြတ်ချက် ဆိုရင် အမျိုးသမီးတွေကို သိပ်ပြီးနေရာမပေးဘူးလို့ခံစားရတယ်"

နိုင်ငံတကာ အမျိုးသမီးများနေ့ဟာ ၁၉၁၁ ခုနှစ်မှာ အမျိုးသမီးအလုပ်သမားတွေက လုပ်ငန်းခွင်အခြေအနေ ကောင်းမွန် ဖို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြရာ က ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး၊ ဒီနှစ် မတ်လ ၈ ရက်နေ့ဟာ ၁၀၄ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့