၂ဝ၁၉ “နိုင်ငံတကာအမျိုးသမီးရဲစွမ်းသတ္တိရှင်”ဆု မြန်မာနိုင်ငံဖွားအမျိုးသမီးနှစ်ဦးရရှိ
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ၂ဝ၁၉ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆု ဆန်ခါတင်စာရင်းထုတ်ပြန်တဲ့အထဲမှာ မြန်မာနိုင်ငံဖွား အမျိုးသမီးနှစ်ဦး ပါဝင်လာပါတယ်။
-
2019-03-06 -
-
-
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ၂ဝ၁၉ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆု ဆန်ခါတင်စာရင်းထုတ်ပြန်တဲ့အထဲမှာ မြန်မာနိုင်ငံဖွား အမျိုးသမီးနှစ်ဦး ပါဝင်လာပါတယ်။
ဒီဆုဟာ ကမ္ဘာတဝှမ်းမှာ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ကျားမ တန်းတူညီမျှရေးနဲ့ အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ရေးကဏ္ဍတွေမှာ အနစ်နာခံ ကြိုးပမ်းခဲ့တဲ့ အမျိုးသမီး ခေါင်းဆောင်တွေကို ရွေးချယ်ပေးအပ်တဲ့ဆု ဖြစ်ပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံက အမျိုးသမီးခေါင်းဆောင် ၁၂ဝ ထဲကနေ ၁ဝ ဦးကို ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဆုကို မြန်မာနိုင်ငံဖွား ရိုဟင်ဂျာ လူ့အခွင့်အရေးလှုပ်ရှားသူ ရာဇီယာဆူလ်တာနာနဲ့ ကရင်အမျိုးသမီး အစည်းအရုံး KWO ရဲ့ အထွေထွေအတွင်းရေးမှူး နော်ကညောဖာတို့ ရရှိခဲ့ပါတယ်။
ရိုဟင်ဂျာ အမျိုးသမီး ရာဇီယာဆူလ်တာနာဟာ ရခိုင်ပြည်နယ်၊ မောင်တောမှာ မွေးဖွားခဲ့သူဖြစ်ပြီး၊ လက်ရှိအချိန်မှာ သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှေ့နေနဲ့ ဆရာမအလုပ်လုပ်ကိုင်ရင်း လူ့အခွင့်အရေးလှုပ်ရှားနေသူ တစ်ဦးဖြစ်ပါတယ်။
သူဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို "Witness to Horror"၊ "Rape by Command" "The Killing Fields of Alethankyaw," စတဲ့ အစီရင်ခံစာတွေမှာ ပါဝင်ရေးသားခဲ့သူ ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်က စလို့ ရိုဟင်ဂျာအမျိုးသမီးတွေ၊ ကလေးတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး အကျိုးဆောင်ပေးနေသူလည်း ဖြစ်ပါတယ်။
KWO ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ကရင်တိုင်းရင်းသူ နော်ကညောဖောကတော့ ကျား-မ တန်းတူရေးနဲ့ တိုင်းရင်းသားအခွင့်အရေးအတွက် ဘဝတလျှောက်လုံး ဆောင်ရွက်လာသူဖြစ်တဲ့အပြင်၂ဝဝ၄ ခုနှစ်က စပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေအပေါ် ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လေ့လာမှတ်တမ်းတင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ထိုင်းမြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းမှာ နေထိုင် ပညာသင်ခဲ့သူဖြစ်ပါတယ်။
KWO ကရင်အမျိုးသမီးအစည်းအရုံးမှာ အဖွဲ့ဝင် ခြောက်သောင်းရှိပြီး ကရင်ပြည်နယ်က အမျိုးသမီးနဲ့ ကလေးတွေဘဝ တိုးတက်မြင့်မားရေးအတွက် အကျိုးဆောင်ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။