Wi-Fi အင်တာနက်ဖြတ်မည်ဟု စစ်ကောင်စီအမိန့်ထုတ်

2021.03.17
Wi-Fi အင်တာနက်ဖြတ်မည်ဟု စစ်ကောင်စီအမိန့်ထုတ် မိုဘိုင်းလ်ဖုန်းဖြင့် ဖေ့စ်ဘွတ်လူမှုကွန်ရက်သုံးစွဲနေသူတဦး။
Photo: AFP


မြန်မာနိုင်ငံမှာ Wi-Fi အင်တာနက်အားလုံးကို ဒီနေ့ကစလို့ ဖြတ်မယ့်အကြောင်း အာဏာသိမ်းစစ်ကောင်စီက မတ်လ ၁၇ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းရဲ့ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ နောက်ထပ်ညွှန်ကြားချက် မရမချင်း အင်တာနက် ပြန်ဖွင့်မှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

GenZ 21 Myanmar အဖွဲ့ကတော့ “အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အင်တာနက်ဆက်သွယ်မှုတွေ ရနေတဲ့ အချိန်မှာတောင် တရားဥပဒေမဲ့လုပ်ရပ်တွေကို ပေါ်ပေါ်တင်တင် ကျူးလွန်ပြီးတော့ လူတွေကို ပစ်သတ်တယ်။ ဥပဒေမဲ့ ရမ်းကားမှုတွေလုပ်တယ်။ အခုလို အင်တာနက်ပြတ်တောက်သွားပြီ၊ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်ခံရပြီ၊ Citizen Journalist တွေအနေနဲ့ တိုက်ရိုက်တင်ပြမှုတွေ၊ သတင်းအချက်အလက် ပေးပို့မှုတွေကို ဟန့်တားတာမျိုး၊ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေအပြင် အသက်တွေနဲ့ နေ့စဉ်ဘဝတွေကိုပါ ခြိမ်းခြောက်လာတာဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်ဖြတ်တောက်တာ လုံးဝမဖြစ်သင့်ဘူး။ အင်တာနက်ပြန်ရအောင် အားလုံးက ဝိုင်းဝန်ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်” - လို့ RFA ကို ပြောကြားခဲ့ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ရန်ကုန်မြို့ခံတစ်ဦးကလည်း ၂၄ နာရီအတွင်း Facebook စာမျက်နှာတွေမှာ ရေးသားတင်ပြနေတာတွေ မတွေ့ရင် ပြည်သူတွေရဲ့ မျက်စိနဲ့ ပါးစပ်တွေကို အပိတ်ခံလိုက်ရပြီဆိုတာကို ကမ္ဘာကြီးသိအောင် ပြောပြပေးပါလို့ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ နေ့စဉ် မနက် ၁ နာရီကနေ မနက် ၉ နာရီအထိကို အင်တာနက်ဖြတ်တောက်ထားရာကနေ အခုကစလို့ ယာယီ အကန့်အသတ်မရှိ ဖြတ်တောက်တော့မယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ညိုညိုမာ
2021-03-18 05:21

အမြန်ဆုံး စစ်သူပုန် များကို နှိမ်နင်းပေးဖို့ ပြည်ပ အကူအညီလိုကြောင်း တင်ပြပေးပါရှင့်
ပညာတတ်လူငယ်အများအပြား အသက်ဆုံးရူံးနေပါတယ်
စစ်တပ်အတွင်း ပညာမရှိသူ အများဆုံးဖြစ်နေပြီး ဘာမှဆုံးဖြတ်ချက်များမရှိဘဲ မတရားမှု့များဆက်တိုက်ဖြစ်နေပါတယ်