ဆရာမ ၂ ဦး အသတ်ခံရမှုအတွက် တပ်မတော်သားတွေကို စစ်ဆေးခွင့် KBC တောင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ ကချင်ဆရာမနှစ်ဦး အဓမ္မ ပြုကျင့် အသတ်ခံရတဲ့အမှုနဲ့ ဆက်နွယ်ပြီး အဲ့ဒီအချိန် က ကောင်းခါးကျေးရွာမှာ ရောက်ရှိနေတဲ့ ခမရ ၅၀၃ စစ်ကြောင်းမှူးအပြင် စစ်ကြောင်းမှာ ပါတဲ့ တပ်မတော်သားအားလုံးကို စစ်ဆေးမေးမြန်းဖို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC က ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ခမရ ၅၀၃ စစ်ကြောင်းမှူးကို စစ်မေးဖို့စီစဉ်ခဲ့ပေမယ့် မစစ်ဆေးဖြစ်ဘဲ KBC ရဲ့ တောင်းဆိုချက်ကို ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြသွားမယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒုတိယပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါ တယ်။ ခမရ ၅၀၃ စစ်ကြောင်းမှာပါတဲ့ တပ်မတော်သားအားလုံးကို အရပ်ဘက်တရားရုံးမှာ စစ်ဆေးခွင့်ပေးဖို့လည်း KBC တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။

"ကျနော်တို့က စစ်မေးနိုင်ကြောင်းပြောတဲ့အခါမှာ သူတို့ရဲတပ်ဖွဲ့ဘက်က တစ်ဖက်သတ်စီစဉ်တဲ့ အစီအစဉ်ဖြစ် တယ်၊ သူတို့မှာမေးမြန်းဖို့အတွက် အဆင်သင့် မဖြစ်သေးဘူးပေါ့နော်၊ ၃ဝ ရက်နေ့လောက်ကျမှ မေးမြန်းလို့ရ မယ်၊ နောက်တပ်မတော်သားအားလုံးကို စစ်ဆေးလိုတယ်၊ ကောင်းခါးရွာမှာ လူသတ်မှုဖြစ်တဲ့ အချိန်တုန်းက ရှိနေခဲ့တဲ့ တပ်မတော်သားအားလုံးကို တွေ့ဆုံမေးမြန်းလိုတယ်၊ အမှုစစ်အဖွဲ့ကနေ ကြားခံပြီးတော့ မမေးချင်ဘူး၊ ကိုယ်တိုင်မေးမြန်းခွင့်ပြုဖို့ တောင်းဆိုတာပါ"

ကချင်ကျောင်းဆရာမနှစ်ဦးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း ကြူကုတ်မြို့ ကောင်းခါးကျေးရွာမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီအမှုကို အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ရှေ့နေတွေနဲ့ ဒေသခံတွေ က ကော်မတီတစ်ခု ဖွဲ့စည်းခဲ့ပြီး ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေမှာ ပါဝင်ခွင့်ရဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အဲ့ဒီကျောင်းဆရာမနှစ်ဦး အသတ်ခံရတာ တစ်နှစ်ကျော်ကြာမြင့်နေ ပြီဖြစ်ပေမယ့် အမှုမှန် မပေါ်ပေါက်သေး တာ ဖြစ်ပါတယ်။