ဧရာဝတီသတင်းဌာနရဲ့ အယ်ဒီတာ သိန်း ၁ဝဝ နဲ့ အာမခံပေး

အောင်သိင်္ခ
2020-03-16
Share

တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတဲ့ ဧရာဝတီသတင်းဌာနရဲ့  မြန်မာပိုင်း အယ်ဒီတာ ဦးရဲနည်ကို ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ မြန်မာကျပ်ငွေ သိန်း ၁ဝ၀ နဲ့ အာမခံပေးလိုက်ပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးဒေသက အခြေအနေတွေကို ဧရာဝတီမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာကို တပ်မတော်ဘက်က မကျေနပ်လို့ အယ်ဒီတာ ဦးရဲနည်ကို တရားစွဲခဲ့တာပါ။

ဧရာဝတီသတင်းဌာနရဲ့ မြန်မာပိုင်းမှာ ဖော်ပြခဲ့တဲ့ သတင်းထောက် တစ်ဦး၏ မြောက်ဦးမှတ်တမ်း ဆိုတဲ့ ဆောင်းပါးပါ အချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး  ဇော်မင်းထွန်းက ၆၆(ဃ) နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး အာမခံလျှောက်ထားတဲ့အတွက် ဒီကနေ့မှာပဲ မြန်မာကျပ်ငွေ သိန်း ၁ဝ၀ နဲ့ ကျောက်တံတားမြို့နယ် တရားရုံးက အာမခံပေးလိုက်တာဖြစ်ပါတယ်။

တစ်နှစ်နီးပါး ကြာပြီးတဲ့အချိန်ကျမှ အမှုဟောင်းကို တရားစွဲတင်လာတဲ့အပေါ် အံ့သြမိတယ်လို့ မြန်မာပိုင်း တာဝန်ခံ အယ်ဒီတာ ဦးရဲနည်က ဒီကနေ့ အာမခံယူအပြီးမှာ ပြောပါတယ်။

လက်ရှိ NLD အစိုးရသက်တမ်း ၄၅ လထဲမှာ တပ်မတော်အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တဲ့ တရားစွဲဆိုတာ အနည်းဆုံး ၄၇ မှုရှိခဲ့တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ ရန်ကုန်မြို့အခြေစိုက် “အသံ အဖွဲ့က ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဦးရဲနည်ရဲ့အမှုဟာ စတ္ထုမဏ္ဍိုင်နဲ့ အခြားအုပ်ချုပ်ရေး မဏ္ဍိုင်တွေ ပွတ်တိုက်တဲ့သဘောလို့ ဦးရဲနည်အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးသန်းဇော်အောင်က သုံးသပ်ပါတယ်။

တပ်မတော် အနေနဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ကို အသုံးပြုပြီး တရားစွဲဆိုတာ လေးမှုရှိခဲ့ပြီး၊ NLD အစိုးရလက်ထက်မှာ ၁၄ မှုရှိခဲ့တယ်လို့ အသံအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေဟာ လူမျိုးရေးပဋိပက္ခတွေကို ပိုမိုကြီးထွားလာမှာကို စိုးရိမ်တဲ့အတွက် တပ်မတော်အနေနဲ့ သတင်းမီဒီယာတွေကို တရားစွဲဆိုတာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော် သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောထားဖူးပါတယ်။

အခုလို သတင်းသတင်းသမားတွေကို အရေးယူဖို့ကြိုးပမ်းတာတွေဟာ လွတ်လပ်စွာရေးသားခွင့်ကို ခြိမ်းခြောက်တာဖြစ်တယ်လို့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဇေယျာလှိုင်က ဝေဖန်ပါတယ်။

သတင်းသမားတွေကို အရေးယူနေတာတွေဟာ မှန်ကန်တဲ့အဖြေမဟုတ်ဘူးလို့ သုံးသပ်သူကတော့ မြန်မာသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်ပဲ ဖြစ်ပါတယ်။

ဧရာဝတီသတင်းဌာနမှာ သတင်းထောက်လုပ်ကိုင်ခဲ့ဖူးတဲ့ သတင်းထောက် မိုးမြင့်ရေးသားတဲ့ ဆောင်းပါးဖြစ်တဲ့ သတင်းထောက်တစ်ဦး၏ မြောက်ဦးမှတ်တမ်းကို ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့ မှာဖော်ပြခဲ့တာဖြစ်ပါတယ်။

ဆောင်းပါပါအချက်တွေဟာ တပ်မတော်နဲ့ ပြည်သူအကြား အထင်မြင်လွဲမှားစေတဲ့အတွက် တရားစွဲဆိုခံရတာ ဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

သတင်းထောက် မိုးမြင့်ရဲ့ ဆောင်းပါးဟာ တဖက်သတ်ဆန်လွန်းပြီး တပ်မတော်အသံ မပါဝင်ခဲ့တဲ့အတွက် တရားစွဲဆိုမှုတွေ လုပ်ဆောင်ရတာ ဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့