မြန်မာနိုင်ငံက တင်ပို့တဲ့ဆန်တွေဟာ လူတွေစားသုံးဖို့ မသင့်တာကြောင့်ဆိုပြီး ဆန်တန်ချိန် ၁၈၀၀၀ ကို အိုင်ဗရီကိုစ့်နိုင်ငံက ဖျက်ဆီးလိုက်တာနဲ့ ပတ်သက်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသေးစိတ်စိစစ်သွားမယ်လို့ ပြောပါတယ်။
ဘယ်လိုအကြောင်းကြောင့် အခုလိုဖြစ်တယ်ဆိုတာကို အသေးစိတ်စိစစ်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောပါတယ်။
အဲဒီဆန်တွေကို ပြည်ပဝယ်လက်တွေက အောက်တိုဘာမှာ မြန်မာပြည်ကနေ သယ်ယူသွားတာဖြစ်ပြီး နိုင်ငံတချို့က ပယ်ချတာကြောင့် ဖေဖော်ဝါရီလကုန်လောက်မှာမှ မြန်မာပြည်ကို ပြန်သယ်လာမယ်ဆိုပြီး အကြောင်းကြားကြောင်း၊ ဒါကို မြန်မာဘက်က ပြန်လည်လက်ခံပြီး စိစစ်သွားမယ်လို့ အကြောင်းပြန်ချိန်မှာပဲ အဲဒီဝယ်လက်တွေက အိုင်ဗရီကိုစ့်နိုင်ငံမှာ ရောင်းချလိုက်တာလို့ ဦးခင်မောင်လွင် က RFA က ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ အသေးစိတ်ကို စုံစမ်းပြီး အချက်အလက် အပြည့်အစုံနဲ့ ပြန်လည်ထုတ်ပြန်ပေးမယ်လို့ အသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးရဲမင်းအောင် က သူ့ရဲ့လူမှုကွန်ရက်မှာ ဒီနေ့ ရေးသားထားပါတယ်။
မြန်မာ့ဆန်တွေကို ဝယ်ယူတဲ့ ပြည်ပဝယ်လက်တွေဟာ ဆန်တွေကို သင်္ဘောကနေ အချိန်မှန်မချနိုင်ရင် ကြာမြင့်စွာသိုလှောင်မှု ဖြစ်လာပြီး အရည်အသွေးကျဆင်းနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ထုတ်ပြန်ထားပါတယ်။
အိုင်ဗရီကို့စ်နိုင်ငံကို ရောက်လာတဲ့ မြန်မာ့ဆန်တွေဟာ လူတွေစားသုံးဖို့ မသင့်တော်လို့ တာဝန်ရှိသူတွေက ဖျက်ဆီးပစ်လိုက်ကြောင်း ဘီဘီစီ-အာဖရိကရဲ့ သတင်းမှာ ဖော်ပြထားတာပါ။ အဲဒီဆန်တွေကို ဆိပ်ကမ်းကနေ ထရပ်ကားတွေနဲ့ တင်ဆောင်ပြီး တနေရာမှာ မနေ့က စွန့်ပစ်လိုက်တယ်လို့လည်း ရေးသားထားပါတယ်။
အဲဒီဆန်တင်တဲ့သင်္ဘောဟာ ၈ လနီးပါးကြာလောက် သိုလှောင်ထားပြီး နိုင်ငံ ၄ နိုင်ငံလောက်ကို ပတ်ရောင်းနေ တာကြောင့် အခုလိုဖြစ်တာလို့ လတ်တလောသိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် က ဒေါက်တာစိုးထွန်း က ပြောပါတယ်။
အခုကိစ္စမှာ မြန်မာဘက်ကကုမ္ပဏီကနေ စင်္ကာပူကုမ္ပဏီကို ရောင်းချခဲ့တာဖြစ်ပြီး စင်္ကာပူကုမ္ပဏီကနေမှ တဆင့် အာဖရိကဈေးကွက်ကို ပြန်ရောင်းတာဖြစ်ကြောင်းလည်း ဒေါက်တာစိုးထွန်း ရဲ့ ပြောပြချက်အရ သိရပါတယ်။
မြန်မာဘက်က ဆန်တွေကို ပြည်ပကိုတင်ပို့ရာမှာ စံချိန်စံညွှန်း မီ/မမီ တာဝန်ယူစစ်ဆေးရတဲ့ ကြားခံအေဂျင်စီတွေ ရှိပြီး စံချိန်မီမှသာ တင်ပို့ခွင့်ပြုတာလို့လည်း သိရပါတယ်။
ပြည်ပက ဆန်ဝယ်သူတွေဟာ ကြားခံကုန်သည်တွေသာဖြစ်ပြီး အဓိကဝယ်ယူစားသုံးသူတွေ မဟုတ်တာကြောင့် အခုလိုပြဿနာတွေ ပေါ်ပေါက်ရတာဖြစ်ပြီး အစိုးရအချင်းချင်း ချိတ်ဆက်ရောင်းချတဲ့ အစီအစဉ်တွေလုပ်ဖို့ လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ/ ဈေးကွက်တစ်ခုအတွက် ဝယ်ယူပြီး ကုန်ပစ္စည်းချမယ်ဆိုရင် ဒီလိုပြဿနာတွေကို ရှောင်လွှဲနိုင်မယ်လို့လည်း ဆန်စပါးအသင်းချုပ်က ဦးရဲမင်းအောင် က ရေးသားထားပါတယ်။
အဲဒီ ဆန်တွေကို ဂါနာ၊ ဂီနီယာနဲ့ တိုဂို စတဲ့ အနောက်အာဖရိက ကမ်းရိုးတန်းနိုင်ငံ ဆိပ်ကမ်းတွေက အရည်အသွေး မပြည့်မီဘူးဆိုပြီး လက်ခံဖို့ ငြင်းပယ်ခဲ့ပြီး နောက်ဆုံး အိုင်ဗရီကို့စ်နိုင်ငံက လက်ခံကာ အရည်အသွေး စစ်ဆေးတဲ့ အခါ စားသုံးဖို့ မသင့်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အာဖရိကဆန်ဈေးကွက်ဟာ မြန်မာအတွက် ဒုတိယအများဆုံး တင်ပို့ရောင်းချရတဲ့နေရာဖြစ်ပြီး ၂၀၁၈ ဧပြီကနေ ခု ၂၀၁၉ ဖေဖော်ဝါရီလအထိ ဆန်တန်ချိန် ၇ သိန်းကျော် တင်ပို့ရောင်းချခဲ့ကြောင်း ဆန်စပါးအသင်းချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။
