ဦးပါမောက္ခကို ထောင်ဒဏ် ၃ လ ချမှတ်
2018.02.21

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးပါမောက္ခကို ကမာရွတ်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၃ လ အမိန့်ချမှတ်လိုက်ပါတယ်။
ချုပ်ရက်ခံစားခွင့်ရတဲ့အတွက် မကြာခင် လွတ်မြောက်မှာဖြစ်တယ်လို့ ဦးပါမောက္ခ အမှုကို ကူညီစောင့်ရှောက်သူများ အဖွဲ့က ကိုစည်သူမြင့် က ပြောပါတယ်။
"၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၃ လ ဆိုပြီး ချလိုက်တာခင်ဗျ၊ ငြိမ်းစုစီ ၁၉ နဲ့ တစ်လ ချထားတာရှိတယ်၊ အဲတော့ နောက် ၃ လ ရှိတာပေါ့၊ အခု ၂ လနဲ့ ၉ ရက် ရှိသွားပြီခင်ဗျ၊ ဒီနေ့ ၂၁ ရက်ဆိုတော့ ကျနော်တို့ ခန့်မှန်းတာတော့ နောက်လ ၁၂ ရက်နေ့ ဆိုရင် ၄ လ အတိ ပြည့်တဲ့နေ့ အဖမ်းခံရတာနဲ့လေ"
ဆရာတော် ဦးပါမောက္ခဟာ ၂၀၁၆ ခုနှစ်က အမေရိကန် သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း သုံးစွဲမှုကို ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၉ တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး ပုဒ်မ ၉ နဲ့ ထောင်ဒဏ် ၁ လ ချမှတ်ခံထားရတာဖြစ်ပါတယ်။
ဦးပါမောက္ခကို တရားစွဲဆိုဖို့အတွက် တရားရုံးကို ဦးတိုက်လျှောက်ထားသူ ဒုမြို့နယ်မှူး ဦးသန်းထွန်းအောင်ရဲ့ လက်မှတ်ဟာ သူ့လက်မှတ်မဟုတ်ဘူးလို့ ကာယကံရှင် ဦးသန်းထွန်းအောင် က တရားရုံးမှာ ထွက်ဆိုထား ခဲ့ပါတယ်။ အဲဒီလိုထွက်ဆိုထားတာကြောင့် ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃/၂ အရ ဆရာတော့်ကို ဒီအမှုကနေ လွှတ်ပေးဖို့ အမှုရင်ဆိုင်နေစဉ်ကာလအတွင်း တရားရုံးကို လျှောက်တင်ခဲ့ပေမယ့် တရားရုံးက ပယ်ချပြီး စွဲချက်တင်ကာ အခုလို အမိန့်ချမှတ်တာဖြစ်တယ်လို့ ကိုစည်သူမြင့် က ပြောပါတယ်။
တရားရုံးကို မမှန်မကန် လက်မှတ်ရေးထိုးပြီး ဦးတိုက်လျှောက်ထားသူကို ပြန်ပြီးတရားစွဲဆိုဖို့အတွက် ပြင်ဆင်သွား မယ်လို့လည်း ပြောပါတယ်။