ပထမတန်းအတွက် သင်ရိုးညွှန်း တမ်း ဂျပန်အစိုးရ ကူညီ


2017.06.20
school-students-620.jpg ကျောင်းတက်နေတဲ့ မူလတန်းကျောင်းသားတွေကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ပညာရေးပြုပြင်ပြောင်းလဲမှုအဖြစ် ပထမတန်းအတွက် သင်ရိုးညွှန်းတမ်းကို ဂျပန်နိုင်ငံ အကူအညီနဲ့ စတင်ခဲ့တယ်လို့ ကျိုဒို သတင်းက ဖော်ပြပါတယ်။

JICA ခေါ် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီရဲ့ ထောက်ကူမှုနဲ့ မြန်မာအစိုးရ ပညာရေးဝန်ကြီး ဌာနက ဇွန်လ ၁ ရက်နေ့က စပြီး၊ သင်ရိုးသစ်ကို အခြေခံတဲ့ ပထမတန်း ဖတ်စာအုပ်ပေါင်း ၁.၃ သန်းနီးပါးကို ဖြန့်ဝေခဲ့ပါတယ်။

CREATE အစီအစဉ်လို့ခေါ်တဲ့ အခြေခံပညာ မူလတန်းအဆင့် သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရေး အစီအစဉ် ကို ၂၀၁၄ ခုနှစ် မေလက စတင်ခဲ့တာပါ။

မြန်မာနိုင်ငံက ပညာရေးကျွမ်းကျင်သူ ၆၀ ကျော် နဲ့ ဂျပန်ပညာရှင် ၄၀ ဝန်းကျင် ပါဝင်တဲ့ သင်ရိုးညွှန်းတမ်း ရေး ဆွဲရေးအဖွဲ့တွေ ပထမတန်းကနေ ပဉ္ဇမတန်းအထိ ဘာသာရပ် အားလုံးအတွက် ဖတ်စာအုပ်တွေပြုစုရာမှာ နည်းပညာဆိုင်ရာ အထောက်အကူပေးခဲ့တယ်လို့ JICA က ပြောပါတယ်။

သင်ရိုးသစ်အတွက် ဘာသာရပ် ၉ ခု ရှိရာမှာ သင်္ချာ၊ သိပ္ပံ၊ လူမှုသိပ္ပံ၊ ဂီတနဲ့ အနုပညာ၊ ပြည်သူ့နီတိ၊ အင်္ဂလိပ်စာ၊ ကာယပညာ၊ ဘဝပညာနဲ့ ဘာသာ စကား လေ့လာရေးတွေပါဝင်ပါတယ်။

စာသင်သားတွေ ပတ်ဝန်းကျင်ကို လွတ်လွတ်လပ်လပ် လေ့လာကြည့်မြင်နိုင်ဖို့၊ ဆက်သွယ် ဆက်ဆံနိုင်စွမ်း မြင့်မား လာဖို့၊ စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေး ဖို့၊ လေ့လာသင်ယူရာမှာ ပျော်ပိုက်ဖို့အတွက် ပြဌာန်းစာအုပ်သစ်တွေ ကို ပြုစုထားတယ်လို့ JICA က ပြောပါတယ်။

NLD အစိုးရဟာ ပညာရေးအတွက် မနှစ်က ကျပ်ငွေ ၁.၅ ထရီလီယံသုံးစွဲခဲ့ရာက ဒီနှစ်မှာ ၁.၇၆ ထရီလီယံ သုံးစွဲမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။