ဒီမိုကရေစီပြောင်းလဲရေးလုပ်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

မြန်မာနဲ့ ဖီဂျီနိုင်ငံတွေမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဆေအိဂျိ မအဲဟာရက ဒီဇင်ဘာ ၉ ရက် မနေ့က တိုက်တွန်းလိုက်ပါတယ်။

2010.12.10
bali_democracy_forum_305_z.png အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ဒီဇင်ဘာ ၉ နှင့် ၁၀ ရက်တွင် ကျင်းပသော တတိယအကြိမ်မြောက် ဒီမိုကရေစီ ညီလာခံတွင် တက်ရောက်သော နိုင်ငံခေါင်းဆောင်များ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP)

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာရှ ဒီမိုကရေစီ ညီလာခံမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပြီး ဂျပန်နိုင်ငံအနေနဲ့ အာရှဒေသတွင်း ဒီလို ပြောင်းလဲရေး ဆောင်ရွက်မှုတွေအပေါ် ကူညီအားပေးဖို့ ရှိကြောင်း၊ ဂျပန်နိုင်ငံတွင်း ရွေးကောက်ပွဲတွေမှာ ဒီနိုင်ငံတွေက အရာရှိတွေကို ဖိတ်ကြားလေ့လာစေမဲ့ အစီအစဉ်တွေလည်း ရှိကြောင်း ပြောပါတယ်။

မြန်မာနဲ့ ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ ဖီဂျီတို့ဟာ စစ်တပ်က အာဏာသိမ်းပြီး စစ်အစိုးရတွေက အုပ်ချုပ်နေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

အလားတူပဲ ညီလာခံကို တက်ရောက်နေတဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ သံတမန်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Judith McHale ကလည်း ဒီညီလာခံဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်ကြောင်း၊ မြန်မာ အာဏာပိုင်တွေနဲ့ အမေရိကန် ၂ နိုင်ငံဆက်ဆံရေးကနေ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းကြွယ်ဝတဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေး အားပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု မညီမမျှ ဖြစ်နေတာဟာ ဒေသတွင်းလုံခြုံရေးကို ထိပါးလာနိုင်တယ်လို့ အင်ဒိုနီးရှားသမတ Susilo Yodhoyono က သတိပေးလိုက်ပါတယ်။

ဒေသဖွံ့ဖြိုးရေးတွေမှာ စီးပွားရေး တိုးတက်မှုတွေသာ အဓိကထားကြကြောင်း၊ ဒါပေမဲ့ တဖက်မှာလည်း နိုင်ငံရေး ဖွံ့ဖြိုးပြောင်းလဲမှု ကွာဟလာတာကို ကျော်လွှား ဖြေရှင်းကြဖို့လည်း အရေးတကြီး လိုအပ်နေကြောင်း သမတ ယိုဒိုယိုနိုက ပြောပါတယ်။

နိုင်ငံရေး ဖွံ့ဖြိုးမှု ကွာဟလာတာကို အသေအချာ မကိုင်တွယ်ရင် ရေရှည်မှာ စီးပွားရေး လူမှုရေးဖွံ့ဖြိုးမှုကို ထိခိုက်လာပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ဒေသတွင်း လုံခြုံရေး ထိပါးလာတာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဘာလီမှာ ကျင်းပနေတဲ့ ဒီမိုကရေစီ ညီလာခံကို ဒေသတွင်းနိုင်ငံ ၇၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်နေပြီး ၂ ရက်ကြာ ကျင်းပမယ်လို့ သိရပါတယ်။

ဒီညီလာခံကို ဘရုနိုင်းစော်ဘွား၊ အရှေ့တီမော ဝန်ကြီးချုပ်၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတို့လည်း တက်ရောက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-20 15:28

ႏို၀င္ဘာလ မဟုတ္ဘူးလားခင္ဗ်ာ