ပျောက်ဆုံးငွေကိစ္စ စုံစမ်းမယ်လို့ ကျောက်မျက် အသင်းချုပ် ဥက္ကဌ ပြောကြား
2016.06.08
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးရုံးမူ ကို ဇွန်လ ၈ ရက်နေ့ နေပြည်တော် ကျောက်မျက်သင်တန်းခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေထဲက ပျောက်ဆုံးနေတဲ့ ဥရောပယူရိုငွေ ၈၆ သန်းကိစ္စကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးသွားမယ်လို့ အသင်းချုပ် ဥက္ကဌ ဦးရုံးမူက ပြောလိုက်ပါတယ်။
ဒီနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က ကျောက်မျက်သင်တန်းကျောင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းချုပ်ဥက္ကဌ ဦးရုံးမူက အဲဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းသွားမယ်ဆိုတာကို လာမယ့် ဇွန်လ ၁၅ရက်နေ့မှာ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။
"ကျနော်တို့ ၁၅ ရက်နေ့ အစည်းအဝေးလုပ်မယ်၊ အစည်းအဝေးမှာမှ ဘယ်သူတွေ ဒီကော်မတီပါမယ် ဆိုတာ အတိအကျ လူဦးရေစီကြမှာပါ၊ အခုအချိန်ကတော့ လူစာရင်းပေးလို့ ရနေပါပြီ၊ ၁၅ ရက်နေ့မှာ အလုပ်အမှုဆောင် အစည်းအဝေးခေါ်ထားတယ်၊ ဒီအပေါ်မှာ ပါသင့်တဲ့လူကိုရွေးချယ်မှာပါ၊ ကျနော့်ကို စစ်ဆေးဖို့ ပြောတာမဟုတ်ပါ ဘူး၊ တိုင်ထားတဲ့အချက်အပေါ်မှာ အဖွဲ့ဖွဲ့ပြီးတော့မှ ဆိုင်ရာတွေကို စစ်ဖို့ပြောတာပါ"
အသင်းချုပ်ရန်ပုံငွေထဲက ပျောက်ဆုံးနေတယ်ဆိုတဲ့ ဥရောပယူရိုငွေ ၈၆ သန်းကိစ္စဟာ အသင်းချုပ်နဲ့ မသက်ဆိုင် ဘဲ ကျောက်မျက်ပြပွဲကျင်းပရေး ဗဟိုကော်မတီနဲ့သာ သက်ဆိုင်ကြောင်း သမ္မတဟောင်း ဦးသိန်းစိန်နဲ့ အရင်က သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့ကို ငွေကြေးပေးရတယ်ဆိုတဲ့ကိစ္စတွေကိုလည်း အသင်းချုပ်အနေနဲ့ မသိရှိကြောင်း ဦးရုံးမူက ပြောခဲ့ပါတယ်။
ဒါ့အပြင် ကျောက်မျက်ပြပွဲကျင်းပရေးဗဟိုကော်မတီက ကျောက်မျက်ပြပွဲရောင်းရငွေ တစ်ရာခိုင်နှုန်း နှစ် စဉ်ကောက်ခံ တာကို ဒီနှစ် ကျင်းပမယ့် ကျောက်မျက်ပြပွဲကစပြီး ဖျက်သိမ်းသွားဖို့ ဆုံးဖြတ်လိုက်ကြောင်း လည်း ပြောပါတယ်။
ကျောက်မျက်အသင်းရန်ပုံငွေထဲက ဥရောပယူရိုငွေ ၈၆ သန်း ပျောက်ဆုံးနေတယ်ဆိုပြီး ကျောက်မျက်လုပ်ငန်းရှင် များအသင်း ဗဟိုအလုပ်အမှုဆောင်တချို့က သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်ကို တိုင်ကြားထားတာဖြစ်ပြီး အသင်းဥက္ကဌဖြစ်တဲ့ ဦးရုံးမူရဲ့ ဆုံးဖြတ်ချက်နဲ့ သုံးစွဲသွားတဲ့ငွေကြေးတွေနဲ့ ပတ်သက်ပြီး တိုင်ကြားစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။









