ကျောက်မျက်ရန်ပုံငွေ ပျောက်ဆုံး မှုမှာ သမ္မတဟောင်းနဲ့ ဝန်ကြီးဟောင်း ပါဝင်ပတ်သက်မှုမရှိ

0:00 / 0:00

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၈ဝ ကျော် ပျောက် ဆုံးနေမှုနဲ့ ပတ်သက်ပြီး တိုင်ကြားသူနဲ့ တိုင်ကြားခံရသူ စုစုပေါင်း ၁၉ ဦးကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ခုံရုံးဖွဲ့စစ်ဆေးပြီးနောက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ထံ မနေ့က ပေးပို့လိုက်ပါတယ်။

အဲ့ဒီတေ့ွရှိချက်တွေထဲမှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဝန်ကြီးဟောင်းဦးစိုးသိန်းတို့ ပတ်သက်မှု မရှိကြောင်း စစ်ဆေးတေ့ွရှိထားတယ်လို့ ခုံရုံးအဖွဲ့ခေါင်းဆောင် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။

"ဒီမှာစစ်လိုက်တဲ့ စာရင်းဇယားအရ သူတို့ရဲ့ပါဝင်ပတ်သက်မှုက မရှိတဲ့အတွက်ကြောင့် ဒီလူကြီးတွေနဲ့ ပါဝင်ပတ်သက်ပြီး သူတို့ကိုယ်တိုင်ယူတယ်လို့ ဘာတို့ဆိုတာ ဌာနအတွင်းမှာစစ်တယ်၊ ငွေစာရင်းကိုင်သူကို စစ်တယ်"

အဲ့ဒီ ရန်ပုံငွေတွေဟာ ကျောက်မျက်အသင်းပိုင်ငွေ မဟုတ်ကြောင်းနဲ့ ကျောက်မျက်ပြပွဲ ဗဟိုကော်မတီပိုင်ငွေတွေ သာ ဖြစ်တယ်လို့လည်း ဦးဝင်းထိန် က ပြောပါတယ်။

ရန်ပုံငွေ ဒေါ်လာ သန်း ၈ဝ ကျော် ပျောက်ဆုံးနေတယ်ဆိုပြီး တိုင်တန်းခဲ့တဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ၉ ဦး၊ သတ္တုတွင်း ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ကျောက်မျက်အသင်း ဥက္ကဌ ဦးရုံးမူ အပါအဝင် တိုင်တန်းခံရသူ ၃ ဦး၊ စုစုပေါင်း ၁၉ ဦးကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ကျောက်မျက်အသင်းမှာ ရန်ပုံငွေ ဒေါ်လာ သန်း ၉ဝ ကျော်ရှိနေပြီး သန်း ၈ဝ ကျော် ပျောက်ဆုံးမှုမှာ အသင်းချုပ် ဥက္ကဌ ဦးရုံးမူနဲ့ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်၊ ဝန်ကြီးဟောင်းဦးစိုးသိန်းတို့ ပါဝင်ပတ်သက်မှုတွေရှိနေ တယ်လို့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ၈၇ ယောက်က ပြီးခဲ့တဲ့မေလအတွင်းက တိုင်တန်းခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဦးဆောင်သူဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။