JICA အစီအစဉ် ပဋိပက္ခကို ပိုဆိုးလာစေနိုင်ကြောင်း ကရင်အဖွဲ့တွေပြောကြား
2014.09.06
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA က စီစဉ်နေတဲ့ လုပ်ငန်းစဉ် Blueprint ဟာ အချိန်ကာလစောလွန်းပြီး ဒီစီမံကိန်းတွေကြောင့် ဒေသတွင်းပဋိပက္ခကို ပိုပြီးဆိုးဝါးလာစေနိုင်တယ်လို့ ကရင်ငြိမ်းချမ်းရေး ကွန်ရက် KPSN က ပြောကြားလိုက်ပါတယ်။
JICA ရဲ့ စီမံကိန်းတွေထဲမှာ လမ်း၊ စက်မှုဇုန်နဲ့ ရာဘာစိုက်ပျိုးစတဲ့ လုပ်ငန်းကြီးတွေပါဝင်ပြီး စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်နဲ့ပြည်တွင်းရွေ့ပြောင်း ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးဖို့ ရည်ရွယ်ထားပေမယ့် ကာယကံရှင်ဒုက္ခသည်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ညှိနှိုင်းတိုင်ပင်တာမျိုး မရှိခဲ့ဘူးလို့လည်း မနေ့ကထုတ်ပြန်တဲ့ KPSN ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေသတွင်းပဋိပက္ခတွေကို လျစ်လျူရှုထားတာ၊ ဒေသခံတွေရဲ့ စိုးရိမ်မှုတွေကို မသိကျေးကျွန်ပြုတာစတဲ့ ကိစ္စရပ်တွေကြောင့် အန္တရာယ်ရှိသလို လက်ရှိဗဟိုချုပ်ကိုင်တဲ့ အစိုးရဖွဲ့စည်းတည်ဆောက်မှုပုံစံကို ပိုအားကောင်းစေလာနိုင်တဲ့အတွက် ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကို အထောက်အကူမဖြစ်ဘဲ ဖြစ်နေဆဲ ပဋိပက္ခတွေကို ပိုပြီးတွန်းအားပေးနိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူအညီကွန်ရက် KPSN အဖွဲ့ဟာ ကရင်တိုင်းရင်းသားအဖွဲ့အစည်း ၃ဝ နီးပါးနဲ့ ဖွဲ့ထားတဲ့အဖွဲ့လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။