Channel Mandalay သတင်းထောက် ကိုနန္ဒကို လွှတ်ပေးဖို့ CPJ တောင်းဆို

ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ Channel Mandalay သတင်းထောက် ကိုနန္ဒကို မြန်မာအစိုးရက ကန့်သတ်မှုမရှိဘဲ ချက်ချင်း လွှတ်ပေးဖို့ သတင်းသမားတွေကို အကာအကွယ်ပေးနေတဲ့ CPJ အဖွဲ့က ဗုဒ္ဓဟူးနေ့က တောင်းဆို လိုက်ပါတယ်။

ကိုနန္ဒဟာ မေလ ၁၅ ရက်နေ့က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ တည်ဆောက်နေတဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းရေးအတွက် ဒေသခံ ရွာသားတွေရဲ့ ဆန္ဒပြပွဲကို သတင်းရယူ နေစဉ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူဟာ သတင်းသမားသာ ဖြစ်ပြီး ဆန္ဒပြသူတွေနဲ့ ပတ်သက်ချင်း မရှိဘူးလို့ CPJ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ သတင်းထောက် ကိုနန္ဒကို ဆန္ဒပြပွဲမှာ အဖမ်းခံရသူတွေနဲ့အတူ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ချုပ်နှောင် ထားတယ်လို့ CPJ က ဖော်ပြထားပါတယ်။ သတင်းထောက် ကိုနန္ဒဟာ ဆန္ဒပြပွဲမှာ တခြားအဖမ်းခံရသူတွေနဲ့ အတူ ပုဒ်မ - ၃၃၃ ပြည်သူ့ ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှု၊ ပုဒ်မ - ၄၃၅ ဆုံးရှုံးစေရန်အကြံနဲ့ မီးဖြင့်သော်လည်းကောင်း ပေါက်ကွဲစေတတ်တဲ့ အရာနဲ့အကျိုးဖျက်ဆီးမှု၊ ပုဒ်မ- ၁၁၄ ပြစ်မှုကျုးလွန်ရာမှာ အားပေးကူညီမှုတို့နဲ့ အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။