သတင်းထောက်တွေ နိုင်ငံသမိုင်း သိဖို့လိုကြောင်း အယ်ဒီတာက ပြောဆို

ဝါရင့်သတင်းသမားတွေ ဦးဆောင်တဲ့ ဂျာနယ်အသစ်တခုနဲ့ လူထုမိတ်ဆက်ပွဲကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ အယ်ဒီတာတဦး က မြန်မာနိုင်ငံမှာ အရည်အချင်းပြည့်ဝတဲ့ သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ လိုအပ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

၂၀၁၂ ခုနှစ် မေလ ၃၀ ရက်က Myanmar Independent သတင်းဂျာနယ် အလုပ်သင် သတင်းထောက်များ သင်တန်းဆင်းပွဲနှင့် ဂျာနယ်မိတ်ဆက်ပွဲ အခမ်းအနားတွင် တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ငြိမ်းမှ အဖွင့်အမှာစကား ပြောကြားနေစဉ်။ Photo: Myanmar Independent News Journal

Myanmar Independent သတင်းဂျာနယ် အလုပ်သင် သတင်းထောက်များ သင်တန်းဆင်းပွဲနဲ့ ဂျာနယ်မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၃၀ ရက် မနေ့က ရန်ကုန် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ရာမှာ တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ငြိမ်းက ဒီကနေ့ လူငယ်သတင်းထောက် အများအပြားဟာ မြန်မာ့နိုင်ငံရေး သမိုင်းနောက်ခံကို သေသေချာချာ မသိကြဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

တဆက်တည်းမှာပဲ အယ်ဒီတာ စာရေးဆရာ မျိုးမြင့်ငြိမ်းက ဒီကနေ့ မြန်မာစာနယ်ဇင်း လောကကို အစိုးရ အသိုင်းအဝန်းနဲ့ နီးစပ်သူ စီးပွားရေးသမားတွေက ဝင်ရောက်ခြယ်လှယ်ဖို့ ကြိုးစားနေကြကြောင်း၊ ငွေမဲခဝါချမှုတွေ ရှိနေကြောင်း၊ ထုတ်ဝေသူနဲ့ အယ်ဒီတာအဖြစ် လုပ်ကိုင်နေသူ တချို့ဟာလည်း နိုင်ငံရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ အသိအမြင်တွေ နည်းပါးလွန်းကြောင်းနဲ့ မြန်မာနိုင်ငံ သတင်းလောကရဲ့ အနာဂတ်အတွက် တွေးတောစရာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒီအခမ်းအနားကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အပြင် စာရေးဆရာ ဖျာပုံတင့်ဆွေ ( အငြိမ်းစားဗိုလ်မှုးချုပ် တင့်ဆွေ ) နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ တို့လည်း လာရောက်ပြီး အမှတ်တရ စကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Myanmar Independent သတင်းဂျာနယ်ကို အယ်ဒီတာချုပ် ဦးဝင်းငြိမ်း ၊ တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ညိမ်းနဲ့ အမှုဆောင်အယ်ဒီတာ မသီတာ (စမ်းချောင်း ) တို့ ဦးဆောင်ပြီး မေလဆန်းမှာ စတင်ထုတ်ဝေခဲ့ပါတယ်။

တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ငြိမ်းနဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org