ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကို သတင်းရယူကြတဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားအဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်ကို ဒီနေ့ သွားရောက်ခဲ့ကြပါတယ်။
ဒီခရီးစဉ်မှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ မောင်တောဒေသကို ဦးစားပေးသွားရောက်မှာဖြစ်ပြီး ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆို လွတ်လပ်စွာမေးခွင့်ရမှာဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအထွေထွေ မန်နေဂျာ ဦးရဲနိုင် က ပြောပါတယ်။
"အခုရောက်တဲ့နေရာမှာ လွတ်လွတ်လပ်လပ်ပဲ၊ ဘယ်သူကိုမေးပါ၊ ဘယ်သူကိုမမေးပါနဲ့ဆိုပြီးမရှိဘူး၊ မရှိတဲ့အတွက် သူတို့လွတ်လွတ်လပ်လပ်နဲ့ သတင်းယူလို့ရအောင်စီစဉ်ထားပါတယ်"
အဲဒီအဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်း၊ အထွေထွေမန်နေဂျာ ဦးရဲနိုင် က ဦးဆောင်တာဖြစ်ပါတယ်။
အဲဒီအဖွဲ့ရဲ့ ခရီးစဉ်ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်ကနေ မြန်မာ့လေကြောင်းနဲ့ စစ်တွေမြို့ကို ရောက် ရှိလာတာဖြစ်ပြီး ဒီကနေ့ ဘူးသီးတောင်ဆေးရုံနဲ့ ဈေးကို သွားရောက်သတင်းယူခဲ့ကြပါတယ်။
ဒါ့အပြင် ဘူးသီးတောင်မြို့နယ်က ရခိုင်နဲ့ မွတ်ဆလင်တွေ နေထိုင်တဲ့ သပိတ်တောင်ရွာကို သွားရောက်ခဲ့ကြ ပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမှာ ညမထွက်ရအမိန့် အသက်ဝင်နေဆဲဖြစ်တာကြောင့် သွားလာရာမှာ အခက်အခဲ ရှိနေပြီး ဈေးအရောင်းအဝယ်နဲ့ ဒေသခံတွေရဲ့ သွားလာနေထိုင်မှု အခြေအနေတွေဟာ ပုံမှန်အခြေအနေကို မရောက်သေးဘူးလို့ သိရပါတယ်။
ခရီးစဉ်ဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး မနက်ဖြန်မှာဆိုရင် မောင်တောမြို့နယ်က အကြမ်းဖက် မှု ဖြစ်ပွားခဲ့တဲ့နေရာတွေဖြစ်တဲ့ ကျီးကန်းပြင်၊ ဝပိတ်၊ ငါးခူရ၊ ကိုးတန်ကောက် စတဲ့ ကျေးရွာတွေကို သွားရောက်ကြ မှာ ဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိတွေဟာလည်း မောင်တော မြို့နယ်ကို ဒီနေ့ရောက်ရှိနေပြီး ဗန္ဓုလကျေးရွာက ဒေသခံတွေနဲ့ အနီးတဝိုက်က ကျေးရွာတွေကို သွးရောက်လေ့ လာခဲ့တယ်လို့ Senior General Min Aung Hlaing ဖေ့စ်ဘွတ်မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
မောင်တောမြို့နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် ဒီခရီးစဉ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။
