အုပ်ချုပ်ရေးမှူးတချို့ကို သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်မှာ ၁၂ ဦး ဖမ်းဆီးခံရ
2024.09.28
ရန်ကုန်တိုင်းအတွင်းက အုပ်ချုပ်ရေးမှူးတချို့ကို ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ လုပ်ကြံသတ်ဖြတ်တယ်ဆိုပြီး Anonymous Force အဖွဲ့က အဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်တိုင်းအတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေကို အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီးတစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ ဖမ်းဆီးထားသူတွေကတော့ ကျော်စွာအောင် (ခ) ကျော်စွာ၊ တင်ဝင်း (ခ) ဝင်းချို၊ ကိုအောင်မင်းခန့် (ခ) ကျော်ကျော်နန္ဒ၊ မယုနန္ဒာစိုး၊ ကိုခင်မောင်ဌေး (ခ) ကျန်ကျောင်း၊ ကိုရဲရင့်အောင် (ခ) ကိုရဲ (ခ) တင်ထွန်း၊ ကိုထက်ကြီး (ခ) ကျော်ကြီး၊ ကိုအာကာဖြိုး (ခ) အောင်မင်းခန့်၊ ကိုလျှန်းထက်အောင်၊ ကိုနေလင်း၊ ကိုတင်လှနဲ့ ကိုမြင့်ကျော်တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူတို့ဟာ စက်တင်ဘာ ၂၀ ရက်က တောင်ဒဂုံမြို့နယ် အမှတ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနဲ့ ရာအိမ်မှူး ဦးဆွေမြင့်အောင်တို့ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
၂ဝ၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူကို သတ်ဖြတ်တာ၊ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ကမာရွတ်မြို့မရဲစခန်းကို ပစ်ခတ်ဖောက်ခွဲခဲ့တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။ စစ်ကောင်စီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
Anonymous Force (ရန်ကုန်စစ်ဒေသခွဲ - PRF) က စက်တင်ဘာ ၂ဝ ရက်နေ့မှာ တောင်ဒဂုံမြို့နယ် အမှတ် ၁ဝ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ကြေညာထားပါတယ်။ ပြည်သူလူထုကို ဖိနှိပ်ပြီး အဓမ္မငွေကြေးကောက်ခံကာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရေးကို အထောက်အပံ့ဖြစ်စေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ Anonymous Force (ရန်ကုန်စစ်ဒေသခွဲ - PRF) က ကြေညာထားတာဖြစ်ပါတယ်။ အခုဖမ်းဆီးခံရသူတွေဟာ Anonymous Force (ရန်ကုန်စစ်ဒေသခွဲ - PRF) အဖွဲ့ဝင်တွေ ဟုတ် မဟုတ် အတည်မပြုနိုင်သေးပါဘူး။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရန်ကုန်အခြေစိုက် Anonymous Force အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းနေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၇ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရသူ သုံးသောင်းနီးပါး (၂၇,၄၆၃) ဦးရှိပြီး အဲဒီထဲမှာ နှစ်သောင်းကျော် (၂၀,၉၆၉ ဦး) က ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။