ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့နယ်ခြားစောင့်ရဲ နှစ်ရာခန့်ကို ပြန်ပို့ဖို့ဆွေးနွေးနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်ခရိုင်သို့ ထွက်ပြေးလာကြသည့် စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်ခရိုင်သို့ ထွက်ပြေးလာကြသည့် စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ (AFP)

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးလာတဲ့ စစ်ကောင်စီရဲ့နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၇၇ ဦးကိုပြန်ပို့ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်မာမတ်က မတ်လ ၁၂ ရက်နေ့မှာပြောကြောင်း ဘင်္ဂလားဒေ့ရှ်ခြေစိုက် BSS သတင်းဌာနက ဖော်ပြထားပါတယ်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၇၇ ဦးဟာ မတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဘက်ထဲ ဝင်ရောက်ခိုလှုံလာတာလို့ ဆိုပါတယ်။

သူတို့ကိုပြန်ပို့ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးနေပြီး လိုအပ်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကိုဆင့်ခေါ်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း BSS သတင်းမှာ ဖော်ပြထားပါတယ်။

မတ်လ ၁၁ ရက်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အရပ်သားတချို့ပါ လိုက်ပါလာခဲ့ပေမယ့် သူတို့ကိုတော့ ပြန်မောင်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းကလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေ စုစုပေါင်း ၃၃၀ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံခဲ့ကြပါတယ်။

အဲဒီသူတွေကိုတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်ကောင်စီထံကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။