နှစ်ပတ်အတွင်း KNU နယ်မြေထဲ တိုက်ပွဲပေါင်း ၁၆၀ ကျော်ဖြစ်ခဲ့

တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၅၄ ယောက်သေဆုံးခဲ့ပြီး အယောက် ၄၀ ဒဏ်ရာရခဲ့တယ်လို့ KNU ဘက်ကပြောဆိုပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် KNU KNLA ARMY 5

မတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နှစ်ပတ်အတွင်း KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ တိုက်ပွဲပေါင်း ၁၆၇ ကြိမ်ဖြစ်ခဲ့တယ်လို့ KNU တပ်မဟာ (၅)က မတ်လ၁၆ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၅၄ ယောက်သေဆုံးခဲ့ပြီး အယောက် ၄၀ ဒဏ်ရာရခဲ့တယ်လို့ KNU ဘက်ကပြောဆိုပါတယ်။

KNU ဘက်ကလည်း ၇ ယောက်သေဆုံးခဲ့ပြီး ၁၆ ယောက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီဘက်က ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့အကြား ခွေးသေ၊ ၂၁ မိုင်၊ လူသော စတဲ့ဒေသတွေမှာ စစ်ရဟတ်ယာဉ်သုံး ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီး အလုံး ၂၀၀ နီးပါးသုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU တပ်မဟာ (၅) ဘက်ကပြောပါတယ်။

အဲ့ဒီဒေသတွေဟာ ပြည်သူလူထုတွေ တောင်ယာ လုပ်ကိုင်စားသောက်နေတဲ့ ဒေသတွေဖြစ်တာကြောင့် အရပ်သား ၁၅ ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရပြီး ၄ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ် ၁၂ စီးကိုလည်း KNU လက်အောက်ခံ KNLA တပ်က ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီဘက်က နယ်ခြားစောင့် BGF တပ် တိုက်ကူခဲ့တယ်လို့လည်း KNU တပ်မဟာ(၅) ကပြောပါတယ်။

ကရင်ပြည်နယ်ဘက်က စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဘာမှ ထုတ်ပြန်တာမရှိသေးပါဘူး။

KNU တပ်မဟာ (၅) ရဲ့ နှစ်ပတ်အတွင်း စစ်ရေးအခြေအနေ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဆက်သွယ်ခဲ့ပေမယ့် လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။

KNU ဘက်က ထုတ်ပြန်တဲ့ စစ်ကောင်စီတပ်သား အကျအဆုံး စာရင်းတွေကိုတော့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက အရင်က အမြဲ ငြင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org