ခုနစ်လကျော်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ရာကျော် အသတ်ခံရ

RFA Burmese
2024.09.04
ခုနစ်လကျော်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ရာကျော် အသတ်ခံရ ဟင်္သာတမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် မဲနှိုက်ရွေးချယ်နေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်က တွေ့ရစဉ်။
Citizen Photo

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကနေ စက်တင်ဘာလအထိ ခုနစ်လကျော်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီး စစ်ကောင်စီအတွက် တပ်သားစုဆောင်းပေးနေတဲ့ နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေး အဖွဲ့ဝင် ၁၀၂ ဦးအထိ သတ်ဖြတ်ခံရပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ခုနစ်လနီးပါးအတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ရုံးစာရေးတွေ သတ်ဖြတ်ခံရတာပါ။

ကာကွယ်ရေးတပ် (PDF) တွေက စစ်မှုထမ်းဥပဒေကို အကောင်အထည်မဖော်ဖို့နဲ့ ဆက်မလုပ်ဖို့ သတိပေးပြီးနောက် အခုလို သတ်ဖြတ်မှုတွေ ဖြစ်လာတာပါ။

စက်တင်ဘာလ ၂ ရက်နေ့က ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ် ဘော်ဒါကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၆၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနဲ့ အသက် ၄၀ ကျော်အရွယ် ဇနီးဖြစ်သူတို့ဟာ ပြည်-တောင်ငူ လမ်းမပေါ်မှာ ပစ်ခတ်ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်သားစုဆောင်းရေးနဲ့ စစ်ကောင်စီအတွက် သတင်းပေးတာတွေ လုပ်တယ်။ အမျိုးသမီးဖြစ်သူကလည်း အုပ်ချုပ်ရေးမှူးရဲ့ ရုံးပိုင်းဆိုင်ရာကိစ္စတွေ ဝင်ကူနေတာ။ ဧည့်စာရင်း၊ ခရီးသွားထောက်ခံစာတို့ သူ့ဆီပဲ ပိုက်ဆံပေးပြီး ယူနေရတာ ရှိတယ်"

ဒီပစ်ခတ်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃၆၀၁) တပ်ခွဲ - ၄ နဲ ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ဒေါက်တိုင်တစ်ခု ဖြစ်တယ်လို့ စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တွေကို ဒီလိုသတ်ဖြတ်နေမှုတွေအတွက် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ RFA ကို ပြောပါတယ်။

စစ်မှုထမ်းကြသူတွေဟာ သူတို့ရဲ့ သဘော ဆန္ဒအရ စာရင်းပေးကြသူတွေဖြစ်ပြီး အခု စစ်မှုထမ်းသင်တန်း အပတ်စဉ် ၅ အတွက်လည်း စစ်မှုထမ်းဖို့ လူခြောက်ရာခန့်ရှိတယ်လို့ ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဥပဒေ အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့မှာ စစ်မှုထမ်းမဲ့သူတွေကို စတင်ခေါ်ယူခဲ့ပါတယ်။

အဲဒီနောက် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ ၄ အထိခေါ်ခဲ့ပြီး အခုတစ်ကြိမ်မှာ အပတ်စဉ် ၅ ကို ခေါ်ဖို့ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေက စက်တင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အရေအတွက် ဘယ်လောက်အထိ ခေါ်ယူထားတယ်ဆိုတာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပေမဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ရဲ့ အစီရင်ခံစာမှာတော့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် စစ်မှုထမ်းသင်တန်းမှာ နိုင်ငံတစ်ဝန်းက လူငယ် ကိုးထောင်နီးပါး စုဆောင်းခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။