တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်မှာ စက်တင်ဘာ ၉ ရက်ကနေ ၁၉ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်က အရပ်သားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက စက်တင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
"တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်၊ အရပ်သားနှစ်ဦးကို သတ်ဖြတ်ပြီး ၉၀ ကျော် ဖမ်းဆီးခဲ့ပါတယ်။ ၅ မိုင်ကျေးရွာ(သစ်လှတောကျေးရွာ)၊ ရှပ်ပုံစံပြကျေးရွာ၊ မီးလောင်အော်ကျေးရွာတို့မှာရှိတဲ့ နေအိမ် ၄၂ လုံး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီးတော့ စကစ အထိအခိုက်ကို မသိရပါဘူး"
စက်တင်ဘာ ၁၉ ရက်က နယ်မြေရှင်းလင်းစဉ်မှာ ရှပ်ပုံစံပြကျေးရွာနဲ့ မီးလောင်အော်ကျေးရွာတွေမှာ မီးရှို့ထားတဲ့ ရုပ်အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီရွာနှစ်ရွာက ဒေသခံ အယောက် ၄၀ ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်ဟာ လယ်ဖက်ရွာနဲ့ ကျောက်သင်္ဘောရွာတွေက အရပ်သား ၄၅ ဦးခန့်ကို ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီဟာ သူတို့ဖမ်းဆီးလာတဲ့သူတွေကို စစ်ကြောင်းသွားလာရာ လမ်းတလျှောက် လူသားဒိုင်းအဖြစ်ခေါ်ဆောင်ခဲ့ပါတယ်။ ပုလောမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၂၈၅ ရောက်ချိန်မှာတော့ ရှပ်ပုံနဲ့ မီးလောင်အော်ရွာတွေက အရပ်သားငါးဦးကို ဆက်လက်ဖမ်းဆီးထားပြီး ကျန်တဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
စက်တင်ဘာ ၈ ရက်က မြိတ်မြို့ကနေ ပလောက်မြို့ကို ရေလမ်းကနေ ပို့ဆောင်ခဲ့တဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရသူ ၂၇ ဦးဟာ လှေပေါ်ပါတဲ့ စစ်သား နှစ်ဦးကို သတ်ဖြတ်ပြီး ပုလောမြို့နယ် လိပ်ဥသောင်ရွာမှာ ကမ်းကပ်ခဲ့ပါတယ်။ အဲဒီနောက်ရက်မှာပဲ အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လိပ်ဥသောင်၊ လယ်ဖက်၊ ကျောက်သင်္ဘော၊ ခန္တီ၊ ရှပ်ပုံ စတဲ့ ပုလောမြို့နယ် ကမ်းရိုးတန်းရှိ ရွာတွေကို ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
ဒီလို့ရှာဖွေတဲ့စစ်ကြောင်းနဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေတွေကြား နေ့စဉ်လိုလို ထိတွေတိုက်ပွဲတွေဖြစ်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်နေ့က ရှပ်ပုံရွာနားမှာ ဖြစ်တဲ့ တိုက်ပွဲက အပြင်းအထန်ဆုံးလည်း ဆိုပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က စစ်င်္ဘောသုံးစီးနဲ့ ပစ်ကူပေးခဲ့ပြီး လက်တလောမှာတော့ တိုက်ပွဲတွေမရှိဘဲ ငြိမ်နေတယ်လို့လည်း ပြောပါတယ်။
အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတာနဲ့ နေအိမ်တွေမီးရှို့ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။