စစ်ကောင်စီ ရဲတပ်ဖွဲ့အတွက် တရုတ်က ယွမ်ငါးသန်း ထောက်ပံ့မည်

RFA Burmese
2024.09.11
စစ်ကောင်စီ ရဲတပ်ဖွဲ့အတွက် တရုတ်က ယွမ်ငါးသန်း ထောက်ပံ့မည် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး ဝမ်ရှောင်ဟုန်တို့ တွေ့ဆုံခဲ့သည်ကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
Myanmar Military

စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့အတွက် တရုတ်ယွမ် ငါးသန်းတန်ဖိုးရှိတဲ့ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်း အကူအညီပေးဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဆိုင်ရာဝန်ကြီး ဝမ်ရှောင်ဟုန်တို့ စက်တင်ဘာလ ၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ဖော်ပြပါတယ်။

တရုတ်ယွမ် ငါးသန်း ထောက်ပံ့မဲ့ကိစ္စအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန ဖွင့်လှစ်ဖို့ကိုလည်း နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားက စစ်ကောင်စီရဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ စက်တက်ဘာလ ၁၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုမှာတော့ တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး စီမံကိန်းတွေ အကောက်အထည်ဖော်မှု ကိစ္စအပါအဝင် ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ နည်းပညာမျှဝေရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီ တစ်ခုတည်းမဟုတ်ဘဲ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆက်ဆံဖို့ တိုက်တွန်းထားပါတယ်။

ပြည်တွင်းမှာ စစ်အရှိန်မြင့်လာတာနဲ့အမျှ အရင်က စစ်ကောင်စီထိန်းချုပ်ခဲ့တဲ့ တရုတ်စီမံကိန်း ဆယ်ခုကို လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) ရဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။