ဂျာနယ်များရဲ့ ဝက်ဘ်ဆိုက်များမှ ရွေးကောက်ပွဲသတင်းများ ဖြုတ်ခိုင်း

ရွေးကောက်ပွဲ သတင်းတွေကို အမှန်ပကတိအတိုင်း အချိန်နဲ့ တပြေးညီ တင်ပြခဲ့တဲ့ ပြည်တွင်းက ဂျာနယ်တချို့နဲ့ ရွေးကောက်ပွဲ အင်တာနက် စာမျက်နှာတွေကို ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ ညွန်ကြားချက်နဲ့ စာပေစိစစ်ရေးက အင်တာနက်ပေါ်ကနေ ဖျက်သိမ်းခိုင်းလိုက်တယ်လို့ သိရပါတယ်။

အဲဒီအထဲမှာ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားတွေ အများဆုံး ဖတ်ရှုကြတဲ့ အလဲဗင်းဂျာနယ်နဲ့ The Voice ဂျာနယ်တို့ရဲ့ အင်တာနက် စာမျက်နှာတွေလည်း ပါဝင်ပြီး အာဏာပိုင်တွေရဲ့ ခေါ်ယူပြောဆိုမှုကြောင့် အခုလို ဖြုတ်လိုက်ရတာလို့ အယ်ဒီတာတဦးက ပြောပါတယ်။

ရွေးကောက်ပွဲရလဒ် သတင်းကို ပြည်တွင်းဂျာနယ်တွေက နယ်တွေအထိ သွားရောက် သတင်းယူ ရေးသားခဲ့ပေမယ့် သတင်းတွေ အကုန်လုံးလိုလို ဆင်ဆာ မလွတ်တာကြောင့် ဂျာနယ်ရဲ့ အင်တာနက်စာမျက်နှာတွေနဲ့ Face Book စာမျက်နှာတွေမှာ သတင်းတွေကို တင်ခဲ့တာလို့ ရန်ကုန် စာနယ်ဇင်းသမားတွေက ပြောပါတယ်။

ရွေးကောက်ပွဲ အခြေအနေတွေကို ဂျာနယ်စာမျက်နှာတွေမှာ မဖတ်ရပေမယ့် မြန်မာလူမျိုးတွေရဲ့ Face Book စာမျက်နှာတွေမှာ အခု ရက်ပိုင်းအတွင်း ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်းတွေကို ဓာတ်ပုံတွေနဲ့ပါ ဖော်ပြလာတာကို တွေ့ရပါတယ်။