စစ်ကောင်စီကို ပိုမိုဖိအားပေးဖို့လိုတယ်လို့ ပညာရှင်အဖွဲ့ တိုက်တွန်း

လူမဆန်ရက်စက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ အာဏာသိမ်းမြန်မာစစ်ကောင်စီကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက ပိုမိုဖိအားပေးဖို့ တိုက်တွန်းထားတဲ့ ဆောင်းပါးတစ်စောင်ကို နယူးယောက်မြို့အခြေစိုက် Just Security ဆိုတဲ့ ပညာရှင်အဖွဲ့တစ်ခုက သြဂုတ်လ ၂၂ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။

အဲဒီဆောင်းပါးမှာ ကမ္ဘာ့နိုင်ငံတွေဟာ စစ်ကောင်စီကို အရေးယူဖို့ အခုအချိန်အထိ တညီတညွတ်မရှိသေးတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေဟာ စီးပွားရေးအရ အကြီးအကျယ် ထိခိုက်နစ်နာမှု မရှိသေးဘူးလို့ ဆောင်းပါးရှင် John Sifton က ပြောပါတယ်။

လာမယ့် စက်တင်ဘာလဆန်းမှာ ကျင်းပမယ့် အာဆီယံနဲ့ အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနဲ့ အာဆီယံနဲ့ စက်မှုထိပ်သီးဆွေးနွေးပွဲတွေကို အမေရိကန်သမ္မတနဲ့ ဒုသမ္မတတွေ တက်ရောက်ဖို့ ရှိနေကြောင်းနဲ့ အဲဒီဆွေးနွေးပွဲတွေမှာ မြန်မာ့အရေးကို အရေးကြီးပြဿနာတစ်ခုအဖြစ် ဆွေးနွေးကြဖွယ်ရှိကြောင်းလည်း သူက ရေးသားထားပါတယ်။

စစ်ကောင်စီဟာ ဥပဒေမဲ့ ဖမ်းဆီးမှု၊ အကျဉ်းရုံးကွပ်မျက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားလက်လွတ် စစ်ဆင်တိုက်ခိုက်မှုတွေကို ကျူးလွန်နေပေမဲ့ သံတမန်ရေးအရ အဖြေရှာမှုတွေဟာ အခုအချိန်အထိ မအောင်မြင်သေးတဲ့အတွက် ပိုမိုပြင်းထန်ပြီး ထိရောက်မယ့်အရေးယူမှုတွေကို ချမှတ်ဖို့လိုတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာတစ်ခုလုံးက သူတို့ကို အရှုံးပေးဖို့ စစ်ကောင်စီက လိုလားနေပြီး မြန်မာပြည်သူတွေက အရှုံးမပေးဘဲ ရင်ဆိုင်နေချိန်မှာ ကမ္ဘာ့နိုင်ငံတွေကလည်း ဖိအားပေးဖို့လိုနေပါပြီလို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကို ဓာတ်ငွေ့ရောင်းချမှုက ရတဲ့ဝင်ငွေနဲ့ စင်ကာပူဘဏ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ငွေစာရင်းတွေကို အရေးယူပိတ်ဆို့ရေး၊ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ စစ်ကောင်စီ ဘဏ်တွေအပေါ် ပိတ်ဆို့မှုတွေကို တခြားနိုင်ငံတွေက လိုက်နာဆောင်ရွက်ရေးဟာ အရေးကြီးကြောင်း စသဖြင့် Just Security ပညာရှင်အဖွဲ့ရဲ့ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဆောင်းပါးရှင် John Sifton ဟာ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အာရှဆိုင်ရာညွန်ကြားရေးမှူး တစ်ဦးဖြစ်ပါတယ်။