ကချင်ဝန်ကြီး ၃ ဦးကို နုတ်ထွက်ဖို့ အထက်အဆင့်ဆင့် ညွှန်ကြားတာလို့ ဝန်ကြီးချုပ်ပြော

0:00 / 0:00

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦးကို ရာထူးကနေ နုတ်ထွက်ခိုင်းတာဟာ အုပ်ချုပ်ရေးအဖွဲ့ အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်ဖြစ်တယ်လို့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဒီနေ့ ပြောလိုက်ပါတယ်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရဆိုပြီး ပြည်နယ်ဝန်ကြီး ၃ ဦးကို မိမိသဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ကြောင်း စာတင်ဖို့ ညွန်ကြားခဲ့တာဖြစ်ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သတင်းမီဒီယာသမားတွေက ဒီနေ့ သွားရောက်စောင့်ဆိုင်းပြီး RFA က အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ညွှန်ကြားတာလား အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ညွှန်ကြားတာလားဆိုတာကို မေးမြန်းရာမှာ ဒေါက်တာ ခက်အောင်က အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။

နုတ်ထွက်ဖို့ အကြောင်းကြားခံရသူ ၃ ဦးက ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြသိန်း၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်၊ လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဦးမြသိန်းကတော့ ဇန်နဝါရီလ ၁၈ ရက်နေ့က နုတ်ထွက်စာတင်ခဲ့ပြီး ဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်ချက်အပေါ် NLD ပါတီဘက်ကနေ စုံစမ်းစစ်ဆေးပေးဖို့ ပါတီဌာနချုပ်ထံ မနေ့က တိုင်ကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

ဒီလိုဝန်ကြီး ၃ ဦးကို နုတ်ထွက်စာတင်ခိုင်းရတဲ့ အကြောင်းအရင်းကို ပြည်သူတွေကို ထုတ်ပြန်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၃၇ ဖွဲ့က ဝန်ကြီးချုပ် ဒေါက်တာခ က်အောင်ထံ လိပ်မူပြီး စာပေးပို့လိုက်သလို သဘောထားကြေညာချက်လည်း ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ဦးHလအောင် မဲဆန္ဒနယ်ဖြစ်တဲ့ ဖားကန့်မြို့နယ် အမှတ် ၁ က ဒေသခံတွေနဲ့ NLD ပါတီဝင်တွေက လက်မှတ်ရေးထိုးပြီး ဝန်ကြီးချုပ်ထံ ပေးပို့မယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက် ပေးပို့တာပါ။