အခွင့်ရေးတန်းတူရဖို့ ကချင်ခေါင်းဆောင် ပြောကြား

မြန်မာနိုင်ငံမှာ ပြည်ထောင်စုစနစ်ကို ဦးတည်သွားမယ်ဆိုရင် လူများစုတိုင်းရင်းသားနဲ့ လူနည်းစု တိုင်းရင်းသား အခွင့်အရေးတွေကို ဟန်ချက်ညီအောင်ဆောင်ရွက်နိုင်ဖို့ အရေးကြီးကြောင်း ကချင်ပြည်နယ် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောပါတယ်။

ကချင်ပြည်နယ်က တိုင်းရင်းသားစာပေယဉ်ကျေးမှု ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ကော်မတီဥက္ကဌ ဦးအေးမင်းက အခုလိုပြောတာဖြစ်ပါတယ်။

"ဒီမိုကရေစီစနစ်ထဲမှာ အခုဖက်ဒရယ်ဆီကို သွားချင်နေပြီဆိုတဲ့ စနစ်ထဲမှာ Majority က rule ဖြစ်ပါတယ်၊ Minority ဆို rights ဖြစ်ပြီး အခွင့်အရေးများရရှိမှာဖြစ်ပါတယ်၊ တိုင်းရင်းသားလို့ ပြောလိုက်ပြီ ဆိုရင် ပြည်ထောင်စုမှာ တိုင်းရင်းသားမပါလို့ မရတော့ဘူး၊ ပြည်ထောင်စုလို့ပြောလိုက်တာနဲ့ တိုင်းရင်းသား အရေးကို ထည့်မပြောလို့မရပါဘူး၊ တိုင်းရင်းသားလို့ထည့်ပြောလိုက်ရင် လူနည်းစုသော်၎င်း လူများစုသော်၎င်း အများကြီးပါလာတတ်ပါတယ်"

ကချင်ပြည်နယ်အတွင်းက တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးဟာ မျိုးနွယ်စုအလိုက် တန်းတူညီမျှတဲ့ အခွင့်အရေးရရှိဖို့နဲ့ ငြိမ်းချမ်းရေး၊ စာပေယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ တက်ရောက်လာကြတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲ ကချင်ပြည်နယ်က ကချင်မျိုးနွယ်စု ၆ မျိုး၊ ရှမ်းမျိုးနွယ်စု ၅ မျိုးနဲ့ ဗမာမျိုးနွယ်စု ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီကို တိုင်းရင်းသားရေးရာဝန်ကြီး လေးဦးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၈ ဦးနဲ့ ပြည်နယ်လွှတ်တော်မှာ ဖွဲ့စည်းထားတာဖြစ်ပါတယ်။